မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့ ခလရ (၅၀) က ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ခေါက်ခူကျေးရွာထဲ တပ်စွဲနေထိုင်စဉ် အောက်တိုဘာ ၂၈ ရက်က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ယောဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သိရပါတယ်။
တိုက်ပွဲဟာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ပြင်းထန်ခဲ့ပြီး နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက် ကျဆုံးမှု မရှိခဲ့ဘူးလို့ ဂန့်ဂေါ PDF ရဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။
"မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီဘက်က ခန့်မှန်းအင်အား ၁၀၀ ဝန်းကျင်တော့ ရှိတယ်။ သူတို့ဘက်ကတော့ ဒဏ်ရာရသူတွေ ရှိတယ်လို့ မြေပြင်သတင်းတွေ အရ သိရတယ်။ ကျဆုံးတယ်လို့တော့ မကြားရဘူး ။ကျနော်တို့ဘက်တပ်ရင်းက ရဲဘော်တွေ ထိခိုက် ဒဏ်ရာ ရတာတွေ မရှိဘူး။"
အောက်တိုဘာ ၂၇ ရက်က ခေါက်ခူရွာအနောက်မြောက်တောထဲမှာ ခလရ ၅၀ မှ ထွက်လာတဲ့ အင်အား ၆၀ ပါစစ်ကြောင်းကိုလည်း ဒေသခံမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၂ ရက် ကန်ရွာနားက တိုက်ပွဲမှာတော့ PDF နှစ်ယောက် ထိခိုက်ဒဏ်ရာရပေမဲ့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေရှိတယ်လို့လည်း ဂန့်ဂေါ PDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
လတ်တလော ဂန့်ဂေါနယ်ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး နေသလို ဒေသခံတွေဟာလည်း ဘေးလွတ်ရာ ထွက်ပြေးနေရကာ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံနေရတာ တနှစ်ကျော်လောက်ရှိနေပါပြီ။