ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အောက်တိုဘာ ၂၉ ရက်က စတင်ပြီး ဓာတ်ဆီ ပြတ်လပ်သွားတဲ့အတွက် စက်သုံးဆီဆိုင်အချို့ ပိတ်ထားရပါတယ်။
စက်သုံးဆီတင်ကားတွေ ဖားကန့်မြို့နယ်အတွင်း ဝင်ရောက်နိုင်ခြင်းမရှိတာကြောင့် စက်သုံးဆီဆိုင်ကြီးတွေ ယာယီပိတ်ထားပြီး လမ်းဘေးဆီဆိုင်တွေမှာ ဈေးကြီးပေးပြီး ဝယ်သုံးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက "ဆီကားအဝင်မရှိလို့ ဆိုင်အတော်များများ ပိတ်ထားတယ်။ တချို့ဆိုင်တွေဆို လွန်ခဲ့တဲ့ ၅ရက်လောက်ကတည်းက ပိတ်ထားတာ။ တချို့ ဖွင့်တဲ့ဆိုင်တွေကလည်း အချိန်ပိုင်း အကန့်အသတ်နဲ့ပဲ ရောင်းတော့တယ်။ လမ်းဘေးဆိုင်တွေမှာကတော့ လိုသလောက်နီးပါး ဝယ်ရတယ်။ ဆီဆိုင်ကြီးတွေမှာ ရောင်းတဲ့ ဈေးနဲ့ အဆမတန်ဈေးကွာနေတယ်"လို့ ပြောပါတယ်။
စက်သုံးဆီဆိုင်ကြီးတွေ ဆီအဝင်မရှိလို့ ယာယာပိတ်ထားတဲ့အတွက် လမ်းဘေးဆိုင်တွေမှာ ဓာတ်ဆီ 92တစ်လီတာ ကျပ် ၅၀၀၀ ကနေ ကျပ် ၆၀၀၀ ကျပ်အထိ ရောင်းချနေကြရပါတယ်။
ဖားကန်မှာ ပြီးခဲ့တဲ့သီတင်းပတ်က လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် မြို့နယ်အတွင်းသို့ဝင်ရောက်မယ့် ဆီကားတွေကို နန်းယား စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာပါ။
စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းနဲ့ နီးစပ်သူ တစ်ဦးက "ဆီကားတွေကတော့ ဖားကန့်ကို တက်လာတာရှိတယ်။ ဒါပေမဲ့ နန့်ယားဂိတ်ကနေ စစ်တပ်က ဖြတ်ခွင့်မပြုဘူး။ ဘာကြောင့်မဖြတ်ခိုင်းလဲ ဘယ်တော့ ဖားကန့်ကို စက်သုံးဆီရောက်မလဲ မပြောတတ်ဘူး" လို့ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ရေနံထွက်ပစ္စည်းများ ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ စက်သုံးဆီဆိုင်ပေါင်း ၁၈ ဆိုင် ရှိပါတယ်။