စစ်ကိုင်းတိုင်း ကလေးမြို့မှာ အောက်တို့ဘာ ၂၈ ရက် ည ၈နာရီခွဲကနေ ၈ နာရီ ၄၀မိနစ်အထိ မီးပိတ်သပိတ် လုပ်ချိန် စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ် ဖောက်ခြိမ်းခြောက်ခဲ့တယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။
ကလေးမြို့ခံတဦးက "စစ်သားတွေက ရွှေကျောင်းတော်ရှေ့၊ JCCဘုရားကျောင်းနဲ့ မြို့ပတ် လမ်းဘက်တွေမှာ ညအိပ် စောင့်ကြတယ်။ မြို့တွင်းနေရာအနှံ့အပြားပဲ။ ည ၈ နာရီခွဲ မီးပိတ် သပိတ်လုပ်ချိန် လက်နက်ကြီး နဲ့ ၃ ချက်ပစ်တာ။ မြို့ထဲမှာအသံတွေကို အကျယ်ကြီးပဲ။ သေနတ်သံတွေရော ကြားရတယ်။"
စစ်ကောင်စီတပ်သားတွေရဲ့ ညက ပစ်လိုက်တဲ့ လက်နက်ကြီးတွေက ကလေးမြို့အရှေ့ဘက် အင်းကျော်ရွာနားကို ကျတယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာ ရတာတွေ မရှိဘူးလို့ ဆိုပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့၊ အနန့်ပါရွာမှာ လေကြောင်းပစ်ခတ်မှုအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ပြည်သူတွေအတွက် အပါအဝင် နွေဦးတော်လှန်ရေးနဲ့ တော်လှန်ရေးအဆက်ဆက်က ကျဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြေကွဲခြင်း၊ ဂုဏ်ပြုဦးညွှတ်ခြင်းအားဖြင့် “မီးသပိတ် လူထုလှုပ်ရှားမှု” လုပ်ဖို့ တော်လှန်ရေးသပိတ်အဖွဲ့အင်အားစုတွေက ဆော်ဩခဲ့တာ ဖြစ်ပါတယ်။