ကချင်ပြည်နယ် မိုးညှင်းမြို့မှာ အောက်တိုဘာ ၂၉ ရက်က စပြီး မီတာခ မဆောင်တဲ့ နေအိမ်တွေကို စစ်ကောင်စီ လက်အောက်ခံအဖွဲ့တွေက မီးကြိုးတွေ ဖြတ်နေတယ်လို့ မိုးညှင်းမြို့နေသူတွေက ပြောပါတယ်။
မီတာခ ကျသင့် စာရွက်တွေ လိုက်လံဝေငှခဲ့ပြီး မီတာခ မဆောင်တဲ့ နေအိမ်တွေကို စစ်တပ်၊ ရဲ ထွေ/အုပ်ဝန်ထမ်းနဲ့ လျှပ်စစ်ဝန်ထမ်းတွေက မီးလိုက်လံဖြတ်နေတယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတဦးက "မီတာစာရွက် ပေးထားပြီး မဆောင်တဲ့အိမ်တွေကို ကြိုးလိုက်ဖြတ်တာ။ ရပ်ကွက်ထဲမှာ မီးကြိုး လိုက်ဖြတ်တာ သေနတ်နဲ့ စစ်သားတွေ၊ ရဲတွေ ပါတယ်။ ထွေ/အုပ်ကလည်း ပါတယ်။ လျှပ်စစ်ဝန်ထမ်းတွေက ကြိုးဖြတ်တာ "လို့ ပြောပါတယ်။
မီတာမဆောင်တဲ့ နေအိမ်တွေကိုလည်း စစ်ကောင်စီ လက်အောက်ခံအဖွဲ့တွေက တရားဥပဒေအရ တရားစွဲဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
လျှပ်စစ်ရုံးဝန်ထမ်းတွေက မီတာခ မဆောင်ရင် မီတာ ဖြတ်မယ်လို့ ပြောဆိုခဲ့တဲ့ မိုးညှင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှာ မေ ၁၃ ရက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။