ရခိုင်ပြည်နယ် မောင်တော ၃ မိုင် သာစည်ကျေးရွာမှ သက်ကြီးပိုင်း အမျိုးသား ၆ ယောက်ကို အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၄၀ လောက်က လာရောက် ဖမ်းဆီးသွားတယ်လို့ သာစည်ကျေးရွာ ဒေသခံတွေက ပြောပါတယ်။
၃ မိုင်သာစည်ကျေးရွာသား တဦးက "ဖမ်းဆီးခံရတာက အသက်အကြီးပိုင်းတွေပါ။ သူတို့က ရွာက ဇရပ်မှာ အမြဲထိုင်ပြီး အနားယူနေကျပါ။ ဒီနေ့ နခခ ၅က နယ်ခြားစောင့်နဲ့ စစ်ကားတွေ ရောက်လာပြီး သူတို့ ၆ ယောက်ကို ဖမ်းသွားတာ"လို့ ပြောပါတယ်။
အဖမ်းခံရသူတွေကတော့ အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးထွန်းအောင်ကျော်(၆၅နှစ်)၊ ရဲအငြိမ်းစား ဦးအေးစိန်(၈၀နှစ်)၊ ရပ်ကျေးထွေ/အုပ်စာရေး ဦးမောင်လှစိန် (၆၀နှစ်)၊ ဦးကျော်စိုးမိုး (၅၀နှစ်)၊ ဦးမောင်သာနု (၆၀နှစ်) နဲ့ ခရိုင်ထွေ/အုပ်စာရေးကြီး ဦးကျန်ဝင်း (၅၀နှစ်) တို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၃ မိုင် သာစည်ကျေးရွာက ဇရပ်မှာ ဖမ်းခံရသူတွေဟာ နေစဥ်ထိုင်နေကျဖြစ်ပြီး ဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာ မောင်တောမြို့ မြို့သူကြီးရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၅) တပ်ရင်းမှာ အခြေချတဲ့ စကခ (၁၅) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းတွေအပါအဝင် ပူးပေါင်းအင်အား ၄၀ လောက်က အရပ်ဝတ်တွေ ဝတ်ဆင်ကာ မှန်လုံကား ၄ စီးနဲ့ လာရောက်ပြီး ဖမ်းသွားတယ်လို့ မျက်မြင်ဒေသခံတွေကဆိုပါတယ်။
လက်ရှိ ဖမ်းဆီးခံရသူလူကြီး ၆ ယောက်ကို နခခ (၅)မှာ စစ်ဆေးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။