စစ်ကိုင်းတိုင်း ကသာမြို့နယ်၊ သိမ်အင်းကျေးရွာမှာ အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီက လူထုတွေ့ဆုံပွဲလုပ်စဉ် ဒရုန်းချတိုက်ခိုက်ခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်သားအင်အား ၃၀ ခန့် လုံခြုံရေးယူပြီး ဗိုလ်မှူးကြီး မိုးသူ ဦးဆောင်တဲ့ ကသာခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ လမ်းတံတား ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ကျေးရွာလူထု တွေ့ဆုံပွဲပြုလုပ်ချိန် ဒေသတွင်းကာကွယ်ရေးအဖွဲ့က ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
ကသာမြို့နယ် ပကဖအဖွဲ့ တာဝန်ရှိသူက “ပြည်သူတွေကို လေကြောင်းနဲ့ တိုက်ခိုက်ချိန် ဘယ်လို ပြေးလွှားပုန်းရှောင်ကြရတယ်ဆိုတာကို သတိသံဝေဂ ရစေလိုတဲ့အတွက် ဒရုန်း သေးသေးလေးနဲ့ ချရုံချတာ ပြေးသူပြေး၊ ပစ်သူပစ်၊ စားပွဲခုံအောက် ဝပ်သူဝပ် ဖြစ်ပျက်သွားကြတယ်ဆိုရင် ကိုယ်ချင်းနားလည်နိုင်ကြပါစေ" လို့ ပြောပါတယ်။
ကသာမြို့နယ် အမှတ် ၃၀၉ တပ်ရင်းနဲ့ မီတာ ၅၀၀ ခန့်အကွာအဝေးမှာရှိတဲ့ စစ်တပ် ပင်စင်စားအများစုနေထိုင်ရာ သိမ်အင်းကျေးရွာ လူထုတွေ့ဆုံပွဲကို စီးလာတဲ့ ကားအနီး ဒရုန်းပစ်ချခဲ့ရာ သစ်ပင်ကိုင်းတွေ ထိမှန်ပြီး စနက်တံပြုတ်ထွက်သွားရုံသာ ပေါက်ကွဲသွားတာကြောင့် အထိအခိုက် မရှိဘဲ တွေ့ဆုံပွဲ ဖျက်သိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့က ကထိန်ပွဲ လုပ်နေစဉ် ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့က ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၈ ရက် မနက် ၇ နာရီခွဲက ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် နဲ့ ပျူစောထီးအဖွဲ့မှ ၃ ယောက် သေဆုံးခဲ့တယ်လို့ ShweBo Federal Army (SBFA) မှ တာဝန်ရှိသူ တဦးက ပြောပါတယ်။
"သူတို့ ကထိန်လှည့်နေတုန်းမှာ PD ၃ လုံးနဲ့ ပစ်ခတ်ခဲ့တာပါ။ ပျူအဖွဲ့တွေ ကထိန်ပွဲ လုပ်မယ်ဆိုတော့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကာကွယ် ပေးထားတာရှိတယ်။ စကစတပ်နဲ့ပျူအဖွဲ့ဝင် ၅ ယောက် သေတယ်။ အများပြား ဒဏ်ရာ ရသွားတယ်။ အဲဒီလိုဖြစ်ပြီး စစ်တပ်ကလည်း လက်နက်ကြီးနဲ့ ပစ်တယ်။ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ တစုံတရာအထိခိုက်တော့ မရှိခဲ့ပါဘူး။"
အောက်တိုဘာ ၂၁ ရက်ကလည်း ရွှေဘိုမြို့၊ ဇီးဖြူကုန်းကျေးရွာအရှေ့ဘက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ ၄ ယောက်ကို ဒေသကာကွယ်ရေးအဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ နေရာမှာတင် ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကောလင်းမြို့နယ်၊ တောင်ဘို့လှကျေးရွာနားမှာလည်း အောက်တိုဘာ ၂၈ ရက် မနက် ၉ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ကိုးတောင်ဘို့ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက "သူတို့က အင်အား ၆၀ လောက်ရှိတယ်။ အရင်ရက်က မိုင်းဆွဲတိုက်ခိုက်ခံရအပြီးမှာ ရှားချောင်းရွာကို ပစ်ခတ်ဝင်လာပြီး မီးရှို့သွားကြတယ်။ အဲဒီကနေ ကောလင်းမြို့နယ်ထဲက တောင်ဘို့လှရွာ အနောက်ဘက်မှာ တိုက်ပွဲဖြစ်ပွားတာ။ အသေပျောက်အတိကျတော့ မသိရသေးဘူး။ ဒါပေမဲ့ တောင်ဘို့လှရွာက ထွက်လာတော့ အထမ်း ၄ ထမ်းနဲ့ ထမ်းလာတယ်လို့သိရတယ်" လို့ ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ကိုင်းမကျေးရွာအထွက်မှာ အဲဒီ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၃ ယောက် သေဆုံးကာ ဒဏ်ရာရသူ ရှိခဲ့တယ်လို့ သိရပါတယ်။
အခုရက်ပိုင်းမှာ ကန့်ဘလူမြို့နယ်မြောက်ခြမ်း ကောလင်းမြို့နယ်ကြားက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။
တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။