ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ပြည်တွင်းကိုငွေလွှဲမယ်ဆိုရင် တဒေါ်လာကို ၃၀ ကျပ်အပိုပေးမယ်လို့ ပေါက်ဈေးထက်နှိမ်ပြီး သတ်မှတ်ပေးထားတဲ့ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။
လုပ်ခ လစာဝင်ငွေတွေကို ပြည်တွင်းက နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ လိုင်စင်ရဘဏ်တွေကို လွှဲပို့လာခဲ့ရင် အမေရိကန်တဒေါ်လာအပေါ်မှာ ၃၀ ကျပ်စီ အပိုဆောင်းငွေအဖြစ် ပံ့ပိုးပေးမယ်လို့ဆိုပြီး ဒါကို နိုင်ငံတော်က ချီးမြှောက်တာလို့ ဆိုပါတယ်။
အဲဒီငွေကို ငွေထုတ်ယူတဲ့နေ့မှာ ချက်ချင်းထည့်သွင်းပေးမှာဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၁ ရက်နေ့က စမယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဩဇာခံဗဟိုဘဏ်ဟာ ပြည်တွင်းဘဏ်တွေမှာ စာရင်းဖွင့်ထားတဲ့ နိုင်ငံခြားသုံးငွေအားလုံးကို မြန်မာကျပ်ငွေနဲ့လဲပစ်ဖို့ ညွှန်ကြားခဲ့ဖူးသလို နိုင်ငံခြားကနေ လွှဲလာမယ့်ငွေတွေကိုလည်း အမေရိကန်တဒေါ်လာကို မြန်မာငွေ ၁၈၅၀ နဲ့ လဲယူမယ်လို့ ကြေညာထားခဲ့ပါတယ်။
အဲဒီနောက် တဒေါ်လာကို ၂၁၀၀ ကျပ်အထိ တိုးပေးခဲ့ပြီး အခု ၃၀ ပိုပေးမယ်ဆိုတာကြောင့် ပြည်တွင်းကို လွှဲလာတဲ့ငွေတွေအတွက် အမေရိကန်တဒေါ်လာကို ၂၁၃၀ ရလာမယ့် သဘောဖြစ်ပါတယ်။