ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-အငူမော်လမ်းမှာရှိတဲ့ ဂူတာပြင်ကျေးရွာအနီးမှာ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ငါးနာရီကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တဲ့အတွက် ဒေသခံတယောက် လက်နက်ကြီးကျည်စတွေ ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မျက်မြင်ဒေသခံတယောက်က “တိုက်ပွဲက ကျောက်စာတိုင်ကျေးရွာနဲ့ ဂူတာပြင်ကျေးရွာအကြားမှာ စစ်တပ်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ကြတာ။ တိုက်ပွဲက တော်တော်လေးပြင်းတယ်။ တိုက်ပွဲဖြစ်တဲ့နေရာကို သရက်တောင်ကျေးရွာက ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ကျေးရွာတွေအနီးကို ရမ်းသန်းပစ်တာ။ ဖိုးချောင်းမွတ်စလင်ကျေးရွာက လူကြီးတဦး လက်နက်ကြီးကျည်စ ထိခိုက်ဒဏ်ရာရရှိခဲ့တာ” လို့ ပြောပါတယ်။
လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိသွားသူဟာ ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်း (မွတ်စလင်) ကျေးရွာက အသက် ၆၃ နှစ်အရွယ် ကာလူ (ခ) နိုရူဆလင် ဖြစ်ပြီး ကျည်စတွေက ခြေထောက်နဲ့ ခန္ဓာကိုယ်အနှံ့ ထိမှန်ခဲ့လို့ ဘူးသီးတောင်ဆေးရုံ ပို့ဆောင်လိုက်တယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
“သူက ညနေ ၅ နာရီလောက်မှာ ဖိုးခေါင်ချောင်းရွာကနေ စိမ်းညှင်းပြားရွာကိုအလာ သရက်တောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ပေါက်ကွဲပြီး ကျည်စတွေ တခန္ဓာလုံးမှာ ထိမှန်သွားတာ။ ဒဏ်ရာကပြင်းထန်တော့ ဆေးရုံကို ညတွင်းချင်းပို့လိုက်ကြတယ်။”
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားကျေးရွာအုပ်စု၊ ဒိုင်းနက်ပြင် ကျေးရွာက အသက် ၄၂ နှစ်အရွယ် မွတ်စလင်အမျိုးသားတယောက် လက်နက်ကြီးကျည်စ ထိမှန် သေဆုံးခဲ့သလို အောက်တိုဘာ ၂၃ ရက်ကလည်း လက်နက်ကြီးကျည် ကျရောက်ပြီး ဖိုးခေါင်ချောင်းကျေးရွာ စာသင်ကျောင်းခေါင်မိုး ပျက်စီးကာ ဒေသခံ ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။