မြောက်ဥက္ကလာပမြို့နယ် ဌ ရပ်ကွက်က ရာအိမ်မှူးစိုးစိုး သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် ရပ်ကွက်နေပြည်သူ ၂၀ ဝန်းကျင်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ရာအိမ်မှူး စိုးစိုးဟာ အောက်တိုဘာ ၂၆ ရက် မနက်ပိုင်း နေအိမ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကို အသွား သေနတ်နဲ့ပစ်ခံရပြီးနောက် စစ်ကောင်စီတပ်က ရပ်ကွက်နေသူပြည်သူအချို့ကို ဖမ်းဆီးခဲ့တာလို့ သဇင်လမ်းနေသူတဦးက ပြောပါတယ်။
"မနေ့က စဖမ်းတာ၊ လူကြီး လူငယ်အတော်များတယ်၊ ရိုက်နှက်ဖမ်းသွားတာရော၊ အကုန်လုံး ၂၀ ဝန်းကျင်လောက်ရှိတယ်။"
စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၂၆ ရက်ညပိုင်းမှ ဒီကနေ့ထိ ဖမ်းဆီးခံရသူ နှစ်ဆယ် ဝန်းကျင်ရှိပြီး ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ မိသားစုဝင်တွေက မသိရတဲ့အတွက် စိတ်ပူနေတယ်လို့ စကားဝါလမ်းနေသူတဦးက ပြောပါတယ်။
"ကျမတို့အသိ ဦးလေးတယောက်ဆို ခေါင်းစွပ်အမည်းကြီးစွပ်ပြီး ဖမ်းသွားတယ်၊ ဧည့်စာရင်းစစ်ပြီး ဖမ်းတာရှိသလို မနက်ပိုင်း ဝင်ဖမ်းတာလည်းရှိတယ်။"
ရာအိမ်မှူး စိုးစိုးပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က မိသားစုဝင်တွေကို သေဆုံးသွားပြီလို့ သတင်းလွှင့်ခိုင်းထားပြီး လက်တလောမှာ မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ရပ်ကွက်အတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးခိုင်းတာလို့ ရက်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။
"သူ့မိန်းမက မသေသေးဘူးလို့ပြောတယ်၊ စစ်တပ်က သေပြီဆိုပြီး သတင်းလွှင့်ပြီး ရပ်ကွက်က သူတွေကို ပြန်ဖမ်းနေတာ ဆေးရုံကနေ ဖမ်းခိုင်းနေတာ။"
ရာအိမ်မှူ ဦးစိုးစိုးဟာ ဖေဖော်ဝါရီ ၂၄ ရက်က ပထမအကြိမ် သေနတ်နဲ့ပစ်ခတ်ခံရပြီး မသေလို့ စစ်ကောင်စီက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင် ရဲဗလ တံဆိပ်တွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၂၆ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှု ၃၃ ကြိမ်ဖြစ်ခဲ့ပြီး အယောက် ၂၀ သေဆုံးကာ ၃၇ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။