Home
မြန်မာသတင်း
မိုးမိတ်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ မိသားစုနှင့် တွေ့ခွင့်မရ
DVB
·
October 28, 2022
311870680_3255607668029820_6277726678037355678_n
311737889_3255607721363148_5503549415804895189_n
311694219_3255607788029808_3903661617319690414_n
311697095_3255607821363138_3515640778163122012_n

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာ ၉ လကျော်ကြာတဲ့အထိ တွေ့ခွင့်မရဘူးလို့ မိသားစုထံက သိရပါတယ်။

ဖမ်းဆီးခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေထဲက မိသားစုဝင်တယောက်က “ကျနော့်အဖေကို စစ်တပ်ဖမ်းသွားတာ ၉ လရှိပြီ။ အခုထိ တွေ့ခွင့်၊ စကားပြောခွင့် မရသေးဘူး။ ရုံးထုတ်တဲ့နေ့ပဲ ဝေးဝေးကပဲ မြင်ရတယ်”လို့ ပြောပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း တနိုင်ငံလုံးအတိုင်းအတာအရ ဆန္ဒထုတ်ဖော်ခဲ့ရာမှာ မိုးမိတ်မြို့က ပြည်သူတွေလည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ အဲ့ဒီလို ဆန္ဒထုတ်ဖော်မှုကြောင့် မိုးမိတ်မြို့မှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ အယောက် ၃၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားလို့ တိမ်းရှောင်နေသူတွေလည်း ရှိနေပြီး အဲ့ဒီထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စားလှယ်အိမ်နဲ့ တချို့ပြည်သူတွေရဲ့အိမ်ကို အဓမ္မချိတ်ပိတ်တာလည်း ရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

မြို့ခံတယောက်က “ကျနော်တို့ မိုးမိတ် NLD ရှမ်းပြည်နယ်လွှတ်တော်အမတ် ဒေါ်ရီဝင်း အိမ်ကို ချိတ်ပိတ်တယ်။ ကျန်တဲ့ NLD ပါတီဝင်တချို့နဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အိမ်တချို့ကိုလည်း ချိတ်ပိတ်ခံရတာရှိတယ်။ မြို့ကသေးတော့ စစ်တပ်က ဖိထားနိုင်တယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် အသံထွက်တာနဲ့ တန်းဖမ်းတော့တာပဲ။ ဒါ့ကြောင့် တိမ်းရှောင်နေရသူတွေလည်း များတယ်” လို့ ပြောပါတယ်။

မိုးမိတ်မြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ် (KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ စစ်ရေးလှုပ်ရှားနေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မိုးမိတ်မြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်းတခုကို PDF တပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း မိုးမိတ်မြို့ကို စစ်ကောင်စီတပ်က စစ်ဆေးရေးတွေ တိုးမြှင့်လုပ်ဆောင်လာပြီး မသင်္ကာတဲ့ပြည်သူတွေကို အဓမ္မဖမ်းဆီးတာတွေ၊ နေအိမ်ချိပ်ပိတ်တာတွေ ဆောင်ရွက်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024