မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက ဒေသခံပြည်သူတယောက်ကို စစ်ကောင်စီစစ်ကြောင်းက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိုင်မြို့နယ်တောင်ပိုင်း စိုကန်တိုက်ရွာက အသက် ၂၀ ကျော်အရွယ် ကိုကျော်နိုင်လင်းကို မနေ့ အောက်တိုဘာ ၂၆ ရက် ညနေပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက သေနတ်နဲ့ ပစ်သတ်သွားတာလို့ စိုကန်တိုက်ရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ကိုကျော်နိုင်လင်းဟာ ထန်းတက်အောင်သွားရာကအပြန် လမ်းမှာ စစ်(...)စစ်ကြောင်းနဲ့ တည့်တည့်တိုးပြီး ပစ်သတ်ခံလိုက်ရတာပါ။ အလောင်းတောင်မှ ဒီနေ့ မွန်းလွဲ ၂ နာရီကျော်တဲ့အထိ မကောက်ရသေးဘူး။”
အဲဒီစစ်ကြောင်းဟာ အင်အား ၁၀၀ ကျော်လောက်ပါဝင်ပြီး မြိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို တရွာဝင်တရွာထွက် မွှေနှောက်ကာ ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူကြသလို အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ် စားသောက်သွားကြတယ်လို့ ပြောပါတယ်။
မြိုင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း ၃ ကြောင်းလောက် ဝင်ရောက်နေပြီး စစ်ဘေးရှောင်ပြည်သူ ၆,၀၀၀ ကျော်လောက်အတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။