Home
ဆောင်းပါး
ကိုယ် လုပ်စရာရှိတာ ဆက်လုပ်ကြဖို့
DVB
·
October 27, 2022
Article
  • စစ်တပ်၏ မီဒီယာဖိနှိပ်မှုနှင့် သတင်းအမှားဖြန့်ဝေမှုတွေကို ရန်ကုန်ရှိ UNIC မှ အနီးကပ် ကြီးကြပ်ပေးဖို့ ကုလ၏ ၇၇ ကြိမ်မြောက် အ​ထွေ​ထွေညီလာခံကို ဦးကျော်မိုးထွန်းတောင်းဆို  
  • စစ်တပ်က မြန်မာပြည်သူများအပေါ် မည်သည့်လုံခြုံရေးခြိမ်းခြောက်မှုမျိုးကိုမဆို ကျူးလွန်ရန် တုံ့ဆိုင်းနေမည်မဟုတ်ဟု သံအမတ်ကြီးပြော
  • မြန်မာစစ်တပ်အပေါ် စစ်လက်နက်ရောင်းချမှုများ ချက်ချင်းရပ်တန့်ပေးရန် ဦးကျော်မိုးထွန်း တိုက်တွန်း
  • KIA နှစ်ပတ်လည်ပွဲတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်ကြောင်း ကုလမှာ ဦးကျော်မိုးထွန်း တင်ပြ

ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ယခုရက်ပိုင်းအတွင်း လုပ်ဆောင်မှုသတင်းများထဲက တချို့ ဖြစ်သည်။ စစ်မိစ္ဆာတွေ ကမ်းကုန်အောင်ယုတ်မာနေသော မြန်မာပြည်၏ အခြေအနေ အရပ်ရပ်ကို ကမ္ဘာကသိ‌အောင် ကုလစင်မြင့်မှတဆင့် တင်ပြနေခြင်း ဖြစ်သည်။

မြန်မာပြည်သူအားလုံး၏ ဘဝပေးအသိအရ ကုလသမဂ္ဂနှင့် နိုင်ငံတကာဆိုတာ ရပ်ကွက်ထဲက နာရေးကူညီမှုအသင်း၊ ပရဟိတအသင်းလောက်ကိုပင် မြန်မာပြည်သူတွေအတွက် လက်ရှိအချိန်အထိ အကျိုးမပြုပါ။ ဒီအကြောင်းကို မြန်မာပြည်သူများနည်းတူ ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း သိပြီးဖြစ်ပါသည်။ ဒါဆို ဘာကြောင့် အခုလို ဆက်လုပ်နေရသနည်း။ အဖြေရှိပါသည်။ သူ့အလုပ် ဖြစ်သောကြောင့်တည်း။ သူ့အလုပ်မှာ မြန်မာပြည်ရှိ မြန်မာပြည်သူများ၏ အခြေအနေမှန်များ၊ စစ်မိစ္ဆာတပ်၏ မတရား ရက်စက် ယုတ်မာမှုများကို ကမ္ဘာက သိရှိအောင် တင်ပြပေးရန် ဖြစ်သည်။ ထို့အပြင် ပြည်သူတွေ ကြုံတွေ့နေရသော အဖြစ်အပျက်များကို ဖော်ထုတ်ပြီး ကမ္ဘာကြီးကသိလာအောင်၊ စစ်မိစ္ဆာတပ်၏ အကြမ်းဖက် ရက်စက်ယုတ်မာမှုများကို အရေးယူဆောင်ရွက်လာအောင် တင်ပြပေးရန် ဖြစ်သည်။ သည့်အတွက်ကြောင့် ယခုလို လုပ်ဆောင်နေရခြင်းဖြစ်သည်။ သံအမတ်ကြီးအနေဖြင့် ကမ္ဘာနိုင်ငံများမှာ သူတို့ အကျိုးစီးပွားတစ်ခုတည်းကိုသာ အဓိက ကြည့်တာကိုလည်း သိပါသည်။ မတရားမှုအပေါင်း ခံစားနေရသည့် မြန်မာပြည်အတွက် ပျားရည်နဲ့ ဝမ်းချ အပေါ်ယံဟန် လုပ်ပေးနေတာကိုလည်း သံအမတ်ကြီး သိပါသည်။ အဲဒါက သူတို့အပိုင်း၊ သူတို့သမိုင်းပဲဖြစ်သည်။ သူတို့ မည်မျှပင် နေစိမ့်ကြသော်လည်း မိမိကတော့ ကိုယ့်တာဝန်အရ၊ ကိုယ်ပြောစရာ၊ ကိုယ်လုပ်စရာရှိတာတွေကို တာဝန်ရှိရှိ တာဝန်သိသိနှင့် တာဝန်ကျေပွန်စွာ လုပ်ဆောင်ရမည်ပင်။ ဤခံယူချက်ကြောင့် ယခုလို သံအမတ်ကြီးတစ်ယောက် ဆက်လက်လုပ်ကိုင်နေခြင်း ဖြစ်သည်။

တခါ အသားညိုညို၊ စကားဘွင်းဘွင်းပြောတတ်တဲ့ အညာသားတွေကို ကြည့်လိုက်ပါဦး။ တသက်နဲ့တကိုယ် ဒီလိုဒုက္ခတွေ ခံစားရလိမ့်မယ်လို့ ယခင်က ယောင်လို့ပင် သူတို့ တွေးတောမိလိမ့်မည် မဟုတ်ပါ။ ယခုအခါမှာ‌တော့ အနှစ်နှစ်အလလ စုဆောင်းကာ ဝယ်ယူထားသည့် အိမ်ကလေး မရှိတော့။ ဘိုးစဥ်ဘောင်ဆက် လုပ်ကိုင်ခဲ့သော လယ်ကွက်လေးလည်း လုပ်ကိုင်ခွင့်တော့။ ကိုယ့်နဲ့မကွာ တနေကုန်တနေခန်းရှိခဲ့သော ကျွဲ နွားတွေလည်း မရှိတော့။ တချို့ဆိုလျှင် မိသားစုပင် ဆုံးရှုံးခဲ့ရပါသည်။ သည်လို ရှိသမျှ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရသည့်တိုင် အဲဒီ အညာသားတို့မှာ နောက်တွန့်မသွား။ ကြောက်ရွံ့မသွား။ သန်းခေါင်ထက် ညဉ့်မနက်တော့ပြီမို့ ဒုက္ခဆင်းရဲ ခံစားနေရသည့်ကြားကပင် တရားခံစစ်စစ်ဖြစ်သော စစ်မိစ္ဆာတပ်ကို ကိုယ်နိုင်ရာ ကဏ္ဍမှ ပါဝင်ကာ တော်လှန်ကြသည်။ တချို့က သေနတ်ကိုင်ကြသည်။ တချို့က ကိုယ်မှာ ကပ်ပါလာသည့် လက်ဝတ်ရတနာတွေကို ချွတ်ကာ ငွေအားဖြင့် တော်လှန်ကြသည်။ လယ်ကျန်သူကလည်း လယ်ကိုရောင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အားပေးလှူဒါန်းကြသည်။ သည်လို ဘဝတွေပျက်၊ အခန့်မသင့်ရင် အသက်တွေ ဆုံးရှုံးနိုင်သည့်ကြားက ဘာလို့အခုလို ပါဝင်လုပ်ကိုင်ကြပါသလဲ။ အဖြေက ရှင်းပါသည်။ ကိုယ့်အလုပ်ကိုယ် လုပ်ကြသောကြောင့် ဖြစ်သည်။

နောက်တစ်ခုကတော့ ၂၀၂၁ နွေဦးတော်လှန်ရေး၏ ထူးခြားသော အင်အားစုတရပ်ပဲ ဖြစ်သည်။ UG ခေါ် မြို့ပြပျောက်ကျားတပ်ဖွဲ့တို့ ဖြစ်သည်။ သူတို့ထဲက တချို့မှာ နယ်စပ်ရှိ တောင်တန်းတွေဆီ သွားခဲ့ကြသည်။ တချို့ကတော့ နယ်စပ်ဒေသထိတောင် မရောက်။ ကိုယ့်မြို့နှင့် မဝေးကွာသည့် နေရာမှာပဲ စစ်ပညာသင်ယူခဲ့ကြသည်။ အဲ့သည်လို စစ်ပညာသင်ကြားပြီးသကာလ ငါတို့မြို့ ငါတို့ပိုင်တယ် ဆိုသည့် ယုံကြည်မှုတို့ဖြင့် စစ်မိစ္ဆာကို တိုက်ခိုက်ရန် မြို့ပြများဆီ သူတို့ ပြန်ရောက်လာကြသည်။ သည်အခါ တောင်တန်းဒေသရောက် သူတို့၏ရဲဘော်များလိုပင် အခက်အခဲ အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်ကြရသည်။ မြို့ပြမို့ လွယ်မည် မဟုတ်။ ရန်သူ ကောင်းစွာထိန်းချုပ်နိုင်သေးသည့် အဲသည်မြို့ပြများမှာ အနေအထိုင် အပြုအမူကအစ အစစအရာရာ ဆင်ခြင်ကြရသည်။ မြို့တွင်းမစ်ရှင် တစ်ခုခု လုပ်ရတာက အစ တော်တော်လေး စွန့်စားရသည်။ ကိုယ့်လုံခြုံရေးကို ဂရုစိုက်ရသည့်အပြင် လမ်းသွားလမ်းလာ ပြည်သူများ၏ လုံခြုံရေးကိုပါ ထည့်တွက်ရသေးသည်။ အောင်မြင်သော မစ်ရှင်ရှိသလို မအောင်မြင်တာတွေလည်း ကြုံရသည်။ မစ်ရှင်တစ်ခု လုပ်ဆောင်ပြီးပြီဆိုတာနဲ့ ကိုယ့် လုံခြုံရေးအတွက် ပို၍သတိထားရသည်။ ဝပ်ကျင်း ပြောင်းသင့်ပြောင်းရသည်။ မတော်တဆ ထိခိုက်ဒဏ်ရာရသွားပြီဆိုလျှင်လည်း ဆေးရုံ ဆေးခန်း သွားပြလို့မဖြစ်။ ကိုယ့်ဘာသာကိုယ် ကျိတ်ကုကြရသည်။ မကုနိုင်ဘဲ လူသူမသိဘဲ ကျဆုံးသွားရသည့် ရဲဘော်တွေလည်း မနည်းတော့။ ငွေကြေးကောက်ခံဖို့ ဆိုတာကလည်း နယ်စပ်ဒေသရှိ ရဲဘော်များလိုပင် လိုင်းပေါ်တင် ကောက်ခံလို့ရသည့် အခြေအနေမျိုးမဟုတ်ပါ။ ပြီးတော့ မစ်ရှင်သတင်း၊ လုံခြုံရေးသတင်း ပေါက်ကြားပြီဆိုတာနဲ့ နောက်က ဘီလူးလိုက်သလို အပြေးအလွှား ရှောင်တိမ်းရသည်။ အချိန်မီ ရှောင်တိမ်းနိုင်ခြင်းမရှိ၍ ရန်သူ့လက်တွင်း ကျရောက်သွားသူတွေမှာလည်း မနည်းလှတော့။ အဲ့သည်လို ရန်သူ့နယ်မြေမှာ နေထိုင်ရင်း ရဲဝံ့စွန့်စားစွာ လုပ်ကိုင်နေကြရသည့် တော်လှန်ရေးမြို့ပြပျောက်ကျားတွေ ဖြစ်သည်။ တခါတရံ စိတ်ဓာတ်ကျတာတွေ ပြည်သူတချို့၏ မပူးပေါင်းမှုတွေကြောင့် စိတ်ကုန်ရသည့်အခါတွေ ရှိစေကာမူ သူတို့အ‌နေဖြင့် အဘယ်ကြောင့် စွန့်လွှတ်တိုက်ပွဲဝင်နေကြရပါသနည်း။ အဖြေက ရှင်းပါသည်။ ကိုယ့်တာဝန်ကိုယ် ကျေချင်ကြသောကြောင့်တည်း။

ဆိုခဲ့သလို အထက်ပါ အင်အားစုများအပြင် CDM တွေလို၊ PDFတွေလို၊ ထောက်ပို့တွေလို၊ သတင်းအဖွဲ့တွေလို စသဖြင့် ကိုယ်သန်ရာ ကိုယ်နိုင်ရာ တာဝန်ထမ်းဆောင်နေကြသော အင်အားစုများလည်း အသီးသီး ရှိ​ကြပေသေးသည်။ သူတို့ လုပ်ကိုင်နေသည့် နယ်ပယ်တွေ မည်မျှပင် မတူညီစေကာမူ သူတို့အားလုံး၌ တူညီသော အချက်တစ်ချက်ရှိသည်။ ယင်းမှာ ကိုယ် တတ်နိုင်သည့်အလုပ်ကိုလုပ်၊ ကိုယ်လုပ်သည့်အလုပ်ကို တာဝန်ကျေအောင် လုပ်‌ဆောင်ကြခြင်းပဲ ဖြစ်သည်။ တနည်းဆိုသော် သူတို့အားလုံးတွင် ပွန်ပီမြို့က စစ်သည်တော်၏ စိတ်ဓာတ်မျိုး ရှိနေကြခြင်းပဲ ဖြစ်သည်။

အေဒီ ၇၉ ခုနှစ်တွင် အီတလီကျွန်းဆွယ်တောင်ပိုင်း နေပဲ(လ်)ပင်လယ်ကွေ့အနီးရှိ ဗီးဆူးဗီးယပ်(စ) မီးတောင်ကြီး ပေါက်ကွဲသည်။ မီးတောင်မှ ထွက်လာသည့် ချော်ရည်ချော်မြှုပ်တို့ကြောင့် အနီးရှိ ပွန်ပီမြို့ကြီး ပျက်စီးခဲ့သည်။ မီးတောင်ပေါက်ကွဲ၍ တမြို့လုံး ဘေးလွတ်ရာ ပြေးလွှား တိမ်းရှောင်ကြစဥ် အစောင့်စစ်သည်တစ်ဦးသည် ဘယ်သို့မှ မထွက်ခွာ၊ မိမိတာဝန်ကျရာ နေရာမှာပင် လုံခြုံရေးတာဝန်ကို ဆက်၍ ထမ်းဆောင်​နေသည်။ တမြို့လုံး ချော်ရည်တွေ ဖုံးသွားသည့်အခါ၌ မြို့စောင့်စစ်သားသည် သူ့နေရာ၌ပင် ကျဆုံးကျန်ရစ်သည်။

ပွန်ပီ မြို့စောင့်စစ်သားသည် သူယူထားသည့်တာဝန်ကို သူ့အသက်နှင့်လဲကာ ကျေပွန်စွာ ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

 ယခုဆိုလျှင် နွေဦးတော်လှန်ရေး ကာလမှာ တစ်နှစ်ကျော် နှစ်နှစ်ထဲသို့ ချဉ်းကပ်လာပေတော့မည်။

တော်လှန်ရေးလည်း မြန်မြန်အောင်ပွဲခံနိုင်မှ ဖြစ်တော့မည်။ မဟုတ်လျှင် ပြည်သူတွေ ဘဝ ကြာလေ ပိုဆိုးလေ ဖြစ်တော့မည်။ လူမွေး‌လူတောင်လည်း ပြောင်တော့မည် မဟုတ်တော့။ လူလို သူလိုလည်း ရှင်သန်ရတော့မည် မဟုတ်။ ထို့အတွက်ကြောင့် တော်လှန်ရေး မြန်မြန်အောင်ပွဲခံနိုင်ဖို့ ဆိုလျှင် ပြည်သူတစ်ဦးချင်းက အစ တော်လှန်ရေးအဖွဲ့အစည်းများ အလယ် တော်လှန်ရေးအစိုးရ အဆုံး ကိုယ်တတ်နိုင်သည့်တာဝန်ကိုယူကာ ကိုယ်ယူသည့် တာဝန်ကို ကျေပွန်ကြဖို့ လိုပါသည်။ သည်လိုမှမဟုတ်ဘဲ ဘေးထိုင် ဘုပြောရုံသာ လုပ်နေကြဦးမည်ဆိုလျှင်၊ ကိုယ်မနိုင်သည့်ဝန်ကို မနိုင်မနင်း ထမ်းရွက်ရင်ပဲဖြစ်ဖြစ်၊ ကိုယ်နိုင်သည့်ဝန်ကို မထမ်းဘဲ ရေသာခို အချောင်လိုက်ရင်ပဲ ဖြစ်ဖြစ် လုပ်နေကြဦးမည်ဆိုလျှင် တော်လှန်ရေးက ‌ရှည်ကြာနေဦးမည်ဖြစ်သည်။ 

တော်လှန်ရေး ရှည်ကြာသွားတာ ကောင်းသည့်လက္ခဏာ မဟုတ်။ ရန်သူက ရန်သူပီသစွာ သူ လုပ်စရာရှိတာကို လုပ်ဆောင်နေသည့်အခိုက် မိမိတို့ဘက်ကလည်း ကိုယ့်တာဝန်ကိုသိပြီး တာဝန်ကျေကျေ ဆက်လက်လုပ်ကိုင်သွားကြဖို့ လိုအပ်သည်။ တနည်းဆိုသော် ကိုယ်လုပ်စရာ ရှိတာကို မပျက်မကွက် ဆက်လက်လုပ်ဆောင်ကြဖို့ပဲ ဖြစ်ပေသည်။

တင်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024