မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၇ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာသားတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းမှာပါဝင်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ဂန့်ဂေါမြို့ ခလရ ၅၀ ကဖြစ်ပြီး ထန်းပင်ကုန်းကျေးရွာက ဒေသခံနေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။
ထီးလင်းဒေသခံတယောက်က “ဒီနေ့မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်မှာ မီးရှို့နေတာ။ ဒေသခံတွေကတော့ ဘေးလွတ်ရာ ဒေသတွေကို ပြေးနေကြရတယ်။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ တိုက်ပွဲကလည်း ပြင်းထန်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါ ထန်းပင်ကုန်းကျေးရွာမှာ ဒေသခံလူနေအိမ် ၁၂၀ ဝန်းကျင်ရှိပြီး လူဦးရေ ၅၀၀ ဝန်းကျင် နေထိုင်ကြပါတယ်။
အောက်တိုဘာ ၂၆ ရက်ကလည်း ထီးလင်းမြို့နယ် အိုင်းမရွာက ဒေသခံနေအိမ် ၆ လုံးနဲ့ ချောင်းပေါက်လမ်းခွဲက ဆိုင်ခန်း ၂ ခန်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
ထီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၇၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပြီး ထီးလင်းမြို့နယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ၁ နှစ်ကျော် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။