မြန်မာနဲ့ တရုတ် အဓိကကုန်သွယ်ရာ မြို့တမြို့ဖြစ်တဲ့ ရွှေလီမြို့အနီးနားက ရွာတွေမှာ ကိုဗစ်ရောဂါကြောင့် မကြာခဏ လော့ဒေါင်းချခံနေရတာ နှစ်ချီဖြစ်လာတာကြောင့် ဒေသခံတွေ စားဝတ်နေရေး ကျပ်တည်းလာပြီး အောက်တိုဘာ ၂၆ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
တရုတ်ဘက်ခြမ်း ရွှေလီမြို့တဝိုက်က ရှမ်းရွာတွေကို တရုတ်ကျန်းမာရေးဌာနက ကိုဗစ်-၁၉ ကပ်ရောဂါအကြောင်းပြချက်နဲ့ သွားလာခွင့်ပိတ်ထားကာ မကြာခဏ လော့ဒေါင်းချနေတာကြောင့် ဒေသခံ ရွာသူ၊ ရွာသားတွေက သည်းမခံနိုင်တော့တာကြောင့် ဆန္ဒပြလာတာလို့ ဆိုပါတယ်
နယ်စပ်နေ ဒေသခံကုန်သည်တဦးက “ခုက ရွှေလီပတ်ချာလည်က ရှမ်းရွာတွေက မခံနိုင်တော့ဘူးလေဗျာ။ ၃ နှစ်တောင်မှ ကြည့်။ နေ့တိုင်း ထပြီး စား၊ ထပြီးစားဆိုတော့ အလုပ်လည်းမရှိဘူး။ ဒီတိုင်းကြီးက စားဝတ်နေရေး၊ နေရေးထိုင်ရေး၊ အစစအရာရာ အရမ်းကိုထိခိုက်နေပြီ။”လို့ပြောပါတယ်။
ရွှေလီဒေသခံတယောက်က “သူတို့ကို ကွာရန်တင်းပိတ်ထားတာလေ တရွာလုံးကို။ ဘယ်ကိုမှ မထွက်ခိုင်း၊ မသွားခိုင်းလို့ သည်းမခံနိုင်တော့လို့ဆန္ဒပြတာ” လို့ ပြောပါတယ်။
ရွာသားတွေဟာ အမြဲတမ်းလိုလို ကိုဗစ်ပိုး စစ်နေရပြီး ရောဂါပိုး တယောက်တွေ့တာနဲ့ အဲဒီရပ်ကွက်တခုလုံး ဒါမှမဟုတ် တရွာလုံးကို လော့ဒေါင်း ချလိုက်တာကြောင့် အလုပ်လုပ်လို့မရတော့ဘဲ စားဝတ်နေရေး အလွန်ကျပ်တည်းလာတယ်လို့ ဆိုပါတယ်။
နောက်ထပ် ဒေသခံတယောက်က “ကိုဗစ်မတွေ့ရင်လည်း တွေ့တယ်လို့ပြောပြီး တရွာလုံးကို လော့ဒေါင်းချထားတယ်။ ဘာရောဂါပိုးမှ မပေါ်လည်း လာဖမ်းခေါ်သွားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ကွာရန်တင်း ခေါ်ဆောင်ခံရသူတွေအနေနဲ့ ကုန်ကျစရိတ် ပေးဆောင်ရတယ်လို့ ဆိုပါတယ်။
“သူတို့ အဲဒီ ကွာရန်တင်းစင်တာမှာလည်း တရုတ်ယွမ်ငွေ ၁,၀၀၀ မထည့်ရင် ထမင်းမကျွေးဘူး။ အဲလိုပဲ ပိတ်လှောင်ထားတယ်။”
လက်ရှိမှာတော့ ရွှေလီမှာ လော့ဒေါင်းကာလကို အောက်တိုဘာ ၃၁ ရက်နေ့အထိ ထပ်တိုးထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ် ရွှေလီ၊ ဝမ်တိန်၊ ကျယ်ဂေါင်တွေမှာ ကိုဗစ် ပထမလှိုင်းကစပြီး အခုထိ အကြိမ်ကြိမ် မကြာခဏ လော့ဒေါင်းချတာတွေရှိလို့ အဲဒီဒေသမှာ လုပ်ငန်းလုပ်ကိုင်တဲ့သူတွေ အလုပ်လုပ်ဖို့ ခက်ခဲပြီး စားဝတ်နေရေး ကျပ်တည်းလာနေပါတယ်။
ကျယ်ဂေါင်ကိုတော့ သတ်မှတ်ချက်တွေ တင်းကျပ်ထားပြီး ပြီးခဲ့တဲ့ ၂၀၂၁ နှစ်လယ်လောက်ကစ နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းတွေအပြင် မြို့တွင်းထဲ ရောင်းဝယ်မှုကိုပါ ပိတ်ထားဆဲ ဖြစ်ပါတယ်။