Home
မြန်မာသတင်း
လှိုင်သာယာတွင် စစ်တပ်က ယာဥ်မောင်းတဦးအား ရိုက်နှက်ဖမ်းဆီးပြီး ကားကိုသိမ်းဆည်း
DVB
·
October 26, 2022
312280332_10159014776777913_1295869836153242465_n

လှိုင်သာယာမြို့နယ် ရန်ကုန်-ညောင်တုန်း လမ်းမပေါ်မှာ အိမ်စီးကားတစီးရဲ့ ယာဥ်မောင်းဖြစ်သူကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးပြီး ကားပါသိမ်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်-ညောင်တုန်း လမ်းဘေးက ဗဟိုလမ်းထဲမှာ ဒီကနေ့ညနေလေးနာရီလောက် ပရိုဘောက်အဖြူရောင်ကားကို စစ်ကောင်စီတပ်နဲ့ရဲတွေက စစ်ဆေးပြီး ရိုက်နှက်ဖမ်းဆီးခဲ့တာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"စစ်တပ်နဲ့ ရဲတွေက ကားတွေကို အမြဲပိုက်ဆံတောင်းနေကြတာ၊ မရရင် ဆဲတာဆိုတာတွေရှိတယ်။ တခါတလေ ကိုယ်ထိလက်ရောက်ရိုက်တာတွေရှိတယ်။" 

စစ်ကောင်စီတပ်နဲ့ရဲတွေဟာ ယာဥ်မောင်းအမျိုးသားအား လက်ကိုပခုံးပေါ်တင် ထိုင်ခိုင်းထားပြီး ရိုက်နှက်ထိုးကြိတ်ကာ လက်ထိတ်ခတ် ဖမ်းဆီးသွားတာလို့ ကယ်ရီသမားတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ကာထဲက ပစွည်းတွေရောသိမ်းသွားတယ်၊ ကားကိုလည်း ယူသွားတယ်၊ ဘယ်ကလာတာလဲတော့ မသိဘူး။" 

စစ်ကောင်စီတပ်နဲ့ရဲတွေဟာ ယာဥ်မောင်းဖြစ်သူအား ဘာကြောင့်ရိုက်နှက်ဖမ်းဆီးသွားတယ်ဆိုတာ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုချက်မရသေးပါဘူး။

ဖမ်းဆီးခံရတဲ့ ယာဥ်မောင်းနဲ့ ပရိုဘောက်ကားကို လှိုင်သာယာမြို့မရဲစခန်းထဲမှာ လက်တလော သိမ်းဆည်းထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်တိုင်း မြို့နယ်အချို့က အဝေးပြေးကားလမ်းမကြီးတွေနဲ့ မြို့အဝင်ဂိတ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ယာဥ်မောင်းနဲ့ခရီးသည်တွေဆီက အကြောင်းအမျိုးမျိုးပြ ငွေကြေးတောင်းခံနေတာကြာပြီလို့ ယာဥ်မောင်းတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024