ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်၊ ဗန်ကာအိုလမ်းမှာ ကမ်းပါးယံမြေပြိုမှုဖြစ်ပွားပြီး လူတချို့ကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မီးသတ်ဌာနက သတင်းထုတ်ပါတယ်။
အောက်တိုဘာ ၂၄ ရက် မနက်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကမ်းပါးယံမြေပြိုကျ တဲ့အတွက် ဒီနေ့မနက် ၈ နာရီခွဲလောက်မှာ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေပြည်သူတွေ ပူးပေါင်းကာ ပြိုကျတဲ့ မြေစာတွေကို သွားရောက် ရှင်းလင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါမြေပြိုကျမှုကြောင့် ကမ်းပါးယံအောက်ရှိ နေအိမ်တလုံး အနည်းငယ်အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာလို့ အဆိုပါနေအိမ်ရှိ လူ ၆ ဦးကို နီးစပ်ရာ ဆွေမျိုးတွေရဲ့ နေအိမ်သို့ ယာယီရွှေ့ပြောင်းနေရာချပေးခဲ့ရပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ မီးသတ်တပ်ဖွဲ့ သတင်းမှာ ဖော်ပြပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်တဲ့ ဆိုင်ကလုန်းမုန်တိုင်း “စီတရန်(SITRANG)”ဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိပေမဲ့ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ် မိုးသည်းထန်စွာရွာသွန်း၊ လျှပ်တပြက် ရေကြီး၊ မြေပြိုတာတွေဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ သတိထားကြဖို့ မိုးဇလဌာနက သတိပေးထုတ်ပြန်ထားပါတယ်။
Photo- MFSD