Home
မြန်မာသတင်း
ဖားကန့် လေကြောင်းတိုက်ခိုက်မှုအပေါ် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရှုတ်ချ၊ အကြမ်းဖက်လုပ်ရပ် ချက်ချင်းရပ်ရန် တောင်းဆို
DVB
·
October 25, 2022
Japan Foreign Minister

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကေအိုင်အေရဲ့ နှစ်ပတ်လည် တေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့  အရပ်သား ပြည်သူတွေ သေဆုံးထိခိုက်ဒဏ်ရာရခဲ့တဲ့ လုပ်ရပ်အပေါ် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယာရှီက ရှုတ်ချကန့်ကွက်လိုက်ပြီး အကြမ်းဖက်မှုတွေချက်ချင်းရပ်ဖို့  စစ်အာဏာရှင်ကို တောင်းဆိုပါတယ်။ 

အောက်တိုဘာ ၂၅ ရက် ဒီကနေ့ ပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ခုလိုပြောလိုက်တာဖြစ်ပြီး ဂျပန်နိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အစဉ်တစိုက် တောင်းဆိုလာတဲ့ကြားက ခုလို ဒေသခံပြည်သူအမြောက်အမြားထိခိုက်သေဆုံးရတဲ့ ဖြစ်စဉ်မျိုး ပေါ်ပေါက်လာရတဲ့အတွက် အထူးပင် စိုးရိမ်ပူပန်မိတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ဂျပန်အစိုးရအနေနဲ့ အခြေအနေတွေ ပြေလည်စေဖို့ ဦးတည်ပြီး ဆက်လက်ပြီးတော့ ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်ဆိုင်းဖို့၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းခံထားရတဲ့ ပုဂ္ဂိုလ်တွေကို ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီနည်းလမ်းကျတဲ့ နိုင်ငံရေးစနစ် အမြန်ဆုံး ပြန်လည်ရရှိစေရေး လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေကို ဖော်ဆောင်သွားဖို့ လည်း မြန်မာစစ်အုပ်စုကို တိုက်တွန်းထားတာပါ။

ဒါ့အပြင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် ကိုလည်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့  အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာ ၂၃ ရက်ညက ကေအိုင်အေ တပ်မဟာ ၉ နယ်မြေ အနန့်ပါကျေးရွာမှာ   ကေအိုင်အိုရဲ့ ၆၂ နှစ်ပြည့်နေ့အထိမ်းအမှတ်အကြိုနေ့ တေးဂီတဖျော်ဖြေပွဲကျင်းပချိန်   စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကချင်အနုပညာရှင်တွေ၊ ကချင်ဒေသခံလူကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့  ကေအိုင်အေ အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေအပါအဝင်  အနည်းဆုံး ပြည်သူ ၅၀ လောက် ထိခိုက်သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ပြီး ဝမ်းနည်းရတဲ့ အကြောင်း ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (အီးယူ) နဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာအသိုက်အဝန်းက ထုတ်ပြန်လိုက်ပြီး စစ်အာဏာရှင်အနေနဲ့ တာဝန်ယူ တာဝန်ခံရမယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024