ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရေနစ်ပျောက်ဆုံးနေတဲ့ စတုတ္ထတန်းကျောင်းသား ၃ ဦးထဲမှ ၂ ဦးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ ၂၄ ရက်နေ့ မနက် ၁၀ နာရီနဲ့ ၁၂ နာရီခွဲမှာ ပြန်တွေ့ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
စစ်တွေမြို့ ဘုမေရွာ စစ်တွေတက္ကသိုလ် လေးထပ်ဆောင်မှ မောင်ဇွဲဘုန်းခန့် (၁၁) နှစ်နဲ့ ပြည်တော်သာရပ်ကွက်နေ မောင်ဟိန်းထက်ဝင်းနိုင် (၁၁) နှစ်တို့အလောင်းအား ပြန်တွေ့ခဲ့ပြီး မနေ့ ညနေပိုင်း စစ်တွေမြို့မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ ကတည်းက ကလေးငယ် ၃ ဦး ပျောက်ဆုံးသွားတာဖြစ်ပြီး ကျောင်းသား အောင်လင်းသူကိုတော့ မနေ့ညအထိ ရှာမတွေ့ရှိသေးဘူးလို့ လူမူကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
အောင်လင်းသူရဲ့မိခင် ဒေါ်ခင်စုက "နှစ်ဦးရဲ့ ရုပ်အလောင်းတော့တွေ့ပါပြီ။ ကျမသားလေးကတော့ အခုအချိန်အထိ မတွေ့သေးပါဘူ။ ဖြစ်စဥ်ကတော ကလေးတဦး ရေနစ်တာကို နောက်သူငယ်ချင်း ၂ ဦးက ကယ်ဆယ်ရင်း သုံးဦးလုံး သေဆုံးခဲ့ရတာပါ။ ပွိုင့်က အဲ့ဒီသဲသောင်ပြင်က အန္တရယ်များတဲ့အတွက် သတိပေးတားမြစ်မှုတွေ လုပ်ထားသင့်တယ်။ အဲ့ဒီနေရာက လူသေတဲ့သမိုင်းလည်း ရှိတယ်။ အဝေးကလာရောက်လည်ပတ်သူတွေကတော့ ဘယ်သိနိုင်ပါမလဲ" လို့ ပြောပါတယ်။
မောင်ဇွဲဘုန်းခန့်ရဲ့ ရုပ်အလောင်းအား စစ်တွေမြို့နယ် ကျေးတောရွာမ ချောင်းနားမှာတွေ့ရှိခဲ့ပြီး ဟိန်းထက်ဝင်းနိုင်ရဲ့ ရုပ်အလောင်းအား စစ်တွေနေဗီဆိပ်မှာ တွေ့ရှိခဲ့တာပါ။
စစ်ကောင်စီလက်အောက်ခံ ပြည်နယ်မီးသတ်ဦးစီးဌာန လက်ထောင်ညွှန်ကြားရေးမှူး ဦးဟန်မြင့်ကျော်က လက်ရှိလေမုန်တိုင်းနဲ့ လေပြင်းတိုက်လှိုင်းကြီးနေတာကြောင့် ကျန်ရှိကလေးအား ရှာဖွေရာမှာ အခက်အခဲရှိတယ်လို့ ပြောပါတယ်။
"အခုတော့ အလောင်းတွေ ကျေးတောဘက်မှာတွေ့တာရှိတယ်။ ပွိုင့်ကမ်းခြေမှာတော့ အဖွဲ့တဖွဲ့ကျန်နေခဲ့မယ်။ ဒီနေအနေအထားအရကတော့ လေမုန်တိုင်းကြောင်း လေပြင်းတွေ တိုက်ခတ်နေတာကြောင့် ပင်လယ်ပြင်ကို ဆင်းနိုင်ဖို့အခြေအနေမရှိပါဘူး။"
အောက်တိုဘာ ၂၂ရက်နေ့ ညနေပိုင်းက စစ်တွေမြို့ ပွိုင့်အရှေ့ရှိ CCTV မှတ်တမ်းအရ ကလေးငယ် ၃ ဦးမှာ စစ်တွေမြို့ ပွိုင့်အရှေ့ရှိ ပွိုင့်အနီး ကျောက်ဆောင်မှာ ရေကစားရာက ၃ ဦးလုံး ရေထဲကျသွားကြောင်း တွေ့ရှိထားတယ်လို့ ဆိုပါတယ်။