ရန်ကုန်မှာ အငြိမ်းစားဗိုလ်မှူးချုပ် အုန်းသွင်အပါအဝင် စစ်ကောင်စီတပ် အရာရှိတွေ ပစ်ခတ်ခံရပြီးနောက် နေပြည်တော်ပြောင်းပြေးတဲ့ အရာရှိကြီးတချို့ နေအိမ်တွေ ပြန်လည်ရောင်းချဖို့ လုပ်နေတယ်လို့ အိမ်ခြံမြေလုပ်ကိုင်သူတွေက ပြောပါတယ်။
အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးမှစပြီး ဗိုလ်မှူးကြီးအဆင့်အထိ စစ်ကောင်စီတပ် အရာရှိကြီးအချို့ နေပြည်တော်ကို စက်တင်ဘာ ၂၅ ရက်နောက်ပိုင်း ပြောင်းရွှေ့နေထိုင်နေကြတာလို့ စစ်တပ်နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"သူတို့တွေက ရန်ကုန်ကို လန့်ပြီး နေပြည်တော်ကိုအကုန်ပြောင်းတာ။ ရှေလျှောက်ဘယ်လိုဖြစ်မယ်မှန်းမသိတော့ ရန်ကုန်က နေအိမ်တွေကို ပြန်ရောင်းတာ။"
စစ်ကောင်စီတပ်မှ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေဟာ သင်္ဃန်းကျွန်း သုဝဏ္ဏရှိ ဗိုလ်ချုပ်အိမ်ရာနဲ့ သန်လျင် ဗိုလ်ချုပ်ရွာရှိ တိုက်အိမ်တွေနဲ့ ခြံမြေကွက် ၁၀၀ နီးပါး ပြန်လည်ရောင်းချကြတာလို့ အိမ်ခြံမြေလုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဒုဗိုလ်ချုပ်ကြီးဟောင်းတဦးနဲ့ ဗိုလ်ချုပ်ဟောင်းတဦးဆိုရင် သူတို့ပိုင်တဲ့ တိုက်နဲ့ခြံဝန်းကို ပြန်ရောင်းဖို့ အပ်ထားတာလေးလုံးလောက်ရှိတယ်။ တိုက်ရောခြံရော သိန်းသုံးသောင်း၊ နှစ်သောင်းခွဲ၊ အနိမ့်ဆုံးက သိန်းနှစ်သောင်း အရောင်းတော့မထွက်သေးဘူး။"
သင်္ဃန်းကျွန်း သုဝဏ္ဏ ဗိုလ်ချုပ်ရွာအတွင်း အငြိမ်းစားအရာရှိကြီးတွေ ပြန်လည်ရောင်းချဖို့ အပ်နှံထားတဲ့ တိုက်နဲ့ခြံအလုံးပေါင်း ၆၀ ကျော်ရှိပြီး သိန်းသုံးထောင်မှစပြီး သိန်းသုံးသောင်းအထိ စျေးဖွင့်ထားတယ်လို့ ပွဲစားတဦးက ဒီဗွီဘီကို ပြောပါတယ်။
"သန်လျင်က ဗိုလ်ချုပ်ရွာမှာလည်းရောင်းဖို့ မြေဧကအလိုက်ရောင်းဖို့ အပ်ထားတာ အကွက်သုံးဆယ်ကျော်ရှိတယ်။ အချို့အကွက်တွေလည်း ရောင်းထွက်တာတွေ ရှိတယ်။"
မြေယာတိုက်တာတွေ ပြန်လည်ရောင်းချတာဟာ စစ်ကေေင်စီတပ်မှ အငြိမ်းစားအရာရှိကြီးအချို့ နေပြည်တော်စက်မှုနယ်မြေမှာ မြေဧကတွေ စျေးနှုန်းသက်သာစွာ ပြန်ဝယ်ဖို့ ရောင်းချတာဖြစ်တယ်လို့ နေပြည်တော်မှ လုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
"နေပြည်တော် ဟိုတယ်ဇုန်နဲ့ စက်မှုဇုန်မှာ စစ်တပ်နဲ့ သူတို့ ပတ်သက်တဲ့သူတွေကို မြေတွေပြန်ရောင်းပေးနေတယ်။ အဲဒါကြောင့် ဝယ်ဖို့ပြန်ရောင်းနေကြတာဖြစ်တယ်။ နေပြည် တော်မှာပဲ အခြေချမယ်နဲ့တူတယ်။"
ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ ပြီးခဲ့တဲ့လတွေက စစ်ကောင်စီတပ်မှ အငြိမ်းစားဗိုလ်မှူးချုပ်၊ ဗိုလ်ကြီးနဲ့ လက်တလောတာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီး စတဲ့ အရာရှိဝွေ လုပ်ကြံပစ်ခတ်ခံရပြီးနောက် နေပြည်တော်ကို ပြောင်းပြေးကြတာဖြစ်ပါတယ်။