ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်ရှိ ဘူတာဈေးအနီးက ဆိုင်ခန်းတွဲတွေမှာ အောက်တိုဘာ ၂၅ ရက် ဒီနေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဘူတာဈေးနားက ဆိုင်ခန်းတွဲတွေမှာ မနက် ၁ နာရီခွဲကျော်လောက်ကနေ စတင် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၂ နာရီခွဲလောက်မှ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
“လူအိမ်ချိန်မှလောင်တော့တော်တော်ဆိုးသွားတယ်။ ညမထွက်ရအမိန့်လည်းရှိတော့ လာကူတဲ့သူလည်း နည်းသွားတယ်။ မီးသတ်ကတော့ လာပါတယ်။ ဒါပေမဲ့ ထင်သလောက်ခရီးမပေါက်တော့ ဆိုင်ခန်း ၅ ခန်း လောက်ပါသွားတယ်။”
မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး လူသေဆုံးထိခိုက်ဒဏ်ရာရတာမရှိပေမဲ့ မီးထဲပါသွားတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးနဲ့ မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။
ပုသိမ်ဒေသခံတဦးက“မီးကပျက်လိုက်လာလိုက်ဆိုတော့ အင်ဗာတာတွေ မီးအားမြှင့်စက်တွေ ဖွင့်ထားမိလို့ မီးအားစောင့်တက်ပြီး လောင်တာမျိုးလည်းဖြစ်နိုင်တယ် မီးက လူအိပ်ချိန်မှပြန်လာ ခုနောက်ပိုင်း အဲ့တာကြောင့် ဖြစ်ဖို့များတယ်” လို့ ပြောပါတယ်။
မီးလောင်ကျွမ်းတဲ့ ဘူတာဈေးနားက ဆိုင်ခန်းတွဲတွေကို မီးသတ်ယာဉ် ၅ စီး၊ အထောက်ကူပြုယာဉ် ၂ စီး စေလွှတ်မီးငြှိမ်းသတ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။