မကွေးတိုင်း မြိုင်မြို့နယ်၊ လင်းကတောရွာကို အောက်တိုဘာ ၂၃ ရက်မနက်ပိုင်းမှာ စစ်ကောင်စီ တပ်တွေ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိုင်မြို့နယ် လင်းကတော ကျေးရွာကို ဒီနေ့ အောက်တိုဘာ ၂၃ ရက်နေ့ မနက် ၈ နာရီလောက်မှာ အင်အား ၁၀၀ ပါ စစ်ကြောင်းက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ လင်းကတောရွာဒေသခံတဦးက ပြောပါတယ်။
“စစ်ကြောင်းထိုးလာတော့ ဘေးလွတ်ရာကို ထွက်ပြေးခဲ့တာ။ ရွာဘက်က မီးခိုးလုံးတွေကိုသာ လှမ်းမြင်ရတာ၊ အိမ်ခြေဘယ်လောက် မီးလောင်တယ်ဆိုတာကိုတော့ မသိရသေးဘူး။”
လင်းကတောရဲစခန်းကို အောက်တိုဘာ ၂၁ ရက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ၇ ယောက်သေပြီး အများအပြားဒဏ်ရာ ရသွားတဲ့အတွက် မကျေနပ်တာကြောင့် ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးကြတာလို့ ပြောပါတယ်။
ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၂ ရက်မှာလည်း မြဇီးတောရွာနားက တဲ ၂ လုံးကို လည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၂၅ ရက်အထိ အိမ်ခြေ ၅၄၁၈ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar က သြဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။