ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်မှ ၄ တန်းကျောင်းသား ၃ ဦး အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၁၁ နာရီလောက်က စတင်ပျောက်ဆုံးနေတာ ဒီနေ့မွန်းလွဲပိုင်းအထိ ရှာမတွေ့သေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
မိသားစုဝင်တဦးက "သူတို့ ပျောက်ဆုံးနေတာကို ကျူရှင်လာ မတက်မှ အန်တီတို့သိရတာ။ ယနေ့ညနေပိုင်းကတည်းက မြို့အနှံလိုက်ရှာနေခဲ့ကြတာ အခုလည်း ရှာနေကြတုန်း။ လူမှုရေးအဖွဲ အစည်းတွေနဲ့ဝိုင်ပြီး ရှာနေကြတာ။ သူတို့ စီးသွားတဲ့ စက်ဘီးနှစ်စီးမှာ တစီးကို ပွိုင့် အပန်းခြေ စခန်းက ဓာတ်တိုင်မှာ စက်ဘီးသော့နဲ့ တွဲချိတ်ပြီး တွေ့ရှိခဲ့တယ်" လို့ ပြောပါတယ်။
အသက် ၁၁ နှစ်အရွယ် လေးတန်း ကျောင်းသားတွေဖြစ်တဲ့ မောင်အောင်လင်းသူ၊ မောင်ဟိန်းထက်ဝင်းနိုင်၊ မောင်ဇွဲဘုန်းခန့်တို့ အောက်တိုဘာ ၂၂ ရက် မနက် ၁၁ နာရီလောက်က စစ်တွေမြို့ရှိ ပွိုင့်အပန်းဖြေစခန်းကို စက်ဘီးနှစ်စီးနဲ့ သွားရောက်လည်ပတ်ကြရာမှ ပျောက်ဆုံးနေတာပါ။
ကလေးငယ် ၃ ဦးစီးသွားတဲ့ စက်ဘီးကို ပွိုင့်အပန်းဖြေစခန်းအဝင်ဝမှာ ၂၂ ရက် ညနေ ၇ နာရီလောက်က တွေ့ရှိရကြောင်း၊ မိသားစုဝင်တွေနဲ့ အနီးနားသေူတွေက ပြောပေမယ့် ပွိုင့်အပန်းဖြေစခန်း The Bay Bar မှ CCTV ရဲ့ မှတ်တမ်းအရ ကလေး ၃ ဦး ပွိုင့်အပန်းဖြေစခန်းထဲ ဝင်ရောက်လာတာ မတွေ့ရဘူးလို့ ဆိုပါတယ်။
ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကယ်ဆယ်ရေးအသင်းက ဦးစီးပြီး ပျောက်ဆုံး ကလေးတွေကို လိုက်လံ ရှာဖွေနေပေမဲ့ မတွေ့သေးတာကြောင့် စစ်တွေကမ်းနားလမ်းတလျှောက်က CCTV တွေကို စစ်ဆေးဖို့ လုပ်နေတယ်လို့ ပျောက်ဆုံးကလေး မိသားစုဝင်ဦးက ပြောပါတယ်။
ကလေးတွေ ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှာ မိဘတွေက လူပျောက် တိုင်တန်းထားတယ်လို့ သိရပါတယ်။