Home
ဆောင်းပါး
အဘိဓမ္မာသစ်ရွက်
DVB
·
October 23, 2022
307936484_1174616046790737_1307316114333731385_n

၁။

ဘုရားရှိခိုးကျောင်းရှေ့ လမ်းထောင့်ကို ချိုးဝင်လိုက်တော့ ကျနော့်ခြေလှမ်းများမှာ တုံ့ဆိုင်းဆိုင်း ဖြစ်သွားရ၏။ ခြေလှမ်း တလှမ်း၊ နှစ်လှမ်းမျှ လှမ်းပြီးမှ နေရာတွင်ပင် ရပ်နေလိုက်သည်။

ကျနော့်ရှေ့ ကိုက် ၂၀ မျှအကွာတွင် ပိတ်ကားတခုလုံး အဝါရောင်ဆေးများ ကြဲပက်ထားသည့် ပန်းချီကားကြီးတချပ်ကို ထောင်လျက်သား လှမ်းမြင်နေရ၏။

ပန်းချီကားကြီးရှေ့ကိုရောက်အောင် ကျနော် တိုးသွားသည်။ ပန်းချီကားကြီးကို လက်နှင့် ထိကြည့်သည်။ မော့ကြည့်သည်။ ကျနော့်ကိုယ်ပေါ်တွင် အဝါရောင်ဆေးစက်များ စွန်းပေနေသည်ကို တွေ့လိုက်ရ၏။ ကျနော့်လက်ချောင်းများသည်လည်း ဆေးဝါတွေ လိမ်းကျံလျက်။ ကျနော်သည်ပင်လျှင် ပန်းချီကားကြီးထဲက လူတယောက် ဖြစ်သွားနေသည်ကို သတိပြုမိလိုက်၏။ ကျနော် ပျော်သွားရလေသည်။

အမှန်စင်စစ် ကျနော်ပြောခဲ့သည့် ပန်းချီကားကြီးဆိုသည်မှာ သဘာဝပန်းချီဆရာက အဝါရောင် ဆေးခြယ်ပေးထားသဖြင့် မြင်ကွင်းတခုလုံး ဝါရွှေလျက်ရှိသည့် သစ်ပင်တန်းတခုပင် ဖြစ်သည်။ တကယ့်ပန်းချီကားတချပ်တော့ မဟုတ်။ သို့သော် သစ်ရွက်ဟူသမျှ တရွက်မကျန် ဝါဝါထိန်လျက်ရှိသည့် မေပယ်ပင်တန်းကလေးမှာ ပန်းချီကားတချပ် ထောင်ထားသလို ဖြစ်နေခဲ့၏။ ပြီးတော့ မေပယ်ရွက်တွေ ရင့်ရော်ဝါရွှေနေကြပုံက တကယ့်ကို မှင်တက်မိစရာ။

ဒီလို ဝါဝါဝင်းဝင်းရှိနေပုံက “အဝါရောင်ဟူသမျှ ဒီနေရာမှာ ရပ်တန့်သွားကြ” လို့ ဆိုရလောက်အောင် အစွမ်းကုန်ဝါသည့် အဝါရောင်မျိုး။ ဒီသစ်ရွက်တွေ ဝါရင့်နေပုံမျိုးက ဘယ်တော့မှ အဝါရောင်လျော့မယ်လို့ မထင်ရတဲ့ ဝါပုံမျိုး။ ဒီတသက်မှာ သည့်ထက်ပိုပြီး မဝါနိုင်တော့တဲ့ ဝါပုံမျိုး။ ဆရာပေါ်ဦးသက် ပြောဖူးတဲ့စကားလို သူ့ထက်ဝါတဲ့ သစ်ရွက်တွေတောင် သူ့လောက် မဝါနိုင်တော့ဘူးလို့ ပြောယူရမယ့် ဝါပုံမျိုး။ အဝါရောင်ကမ်းကုန်၊ အဝါရောင် အောလပုံဖြစ်နေတဲ့ သည်လိုမြင်ကွင်းမျိုးကို ကျနော့်တသက် မတွေ့ခဲ့ဖူးဘူး။ အခုတော့ အဲဒီ အဝါရောင် လိမ်းကျံထားသည့် သစ်ပင်တန်းကလေးအောက်မှာ ကျနော် ရောက်နေခဲ့ပြီ။ သစ်ပင်အောက်က ဖြတ်လျှောက်သွားနေသူတွေအပေါ်၊ ကျနော့်အပေါ် အဝါရောင်ဆေးစက်များ ကူးစက် ထင်ဟပ်နေခဲ့၏။ ထိုအဝါရောင်သစ်ရွက်များအပေါ် နေရောင်ခြည်က တစောင်းထိုးကျနေခြင်းဖြင့် အဝါရောင်ပန်းချီကားကြီးမှာ ကြီးကျယ် ခမ်းနားနေတော့သည်။ ထိုအခိုက်မှာပင် ကျနော့်အဖို့ သည်အဝါရောင်ပန်းချီကားကြီးကို တသက်လုံး သွားလေရာ သယ်ဆောင်သွားနေတော့မည်ကို သိလာခဲ့၏။

မိမိနေထိုင်ရာတိုက်ခန်းသို့ ပြန်ရောက်ပြီး အိပ်ခန်းကလေးထဲ ဝင်လာတော့ အဝါရောင် ပန်းချီကားကြီးကို နံရံတွင်ချိတ်ဆွဲပြီး အိပ်ရာပေါ်ကတဆင့် တစိမ့်စိမ့်ကြည့်ရပြန်သည်။ ထိုအခါ ကျနော့်အိပ်ခန်းကလေးတခုလုံး အဝါရောင်ဆေးစက်များ ပျံ့နှံ့စွဲထင်ကုန်ပြန်တော့သည်။ ကျနော်က မိမိ၏ ဘဝဖြတ်သန်းမှုများထဲက တွေ့ဖူးမြင်ဖူးသည့် အဝါရောင်ပန်းချီကား တချပ်နှင့် ဒီကနေ့တွေ့ခဲ့သည့် အဝါရောင်ပန်းချီကားကို နှိုင်းယှဉ်ပြီး စဉ်းစားသည်။

ကျနော် အိမ်ထောင်ကျရာ မြို့ကလေးဖြစ်သည့် ဇေယျဝတီမြို့ သကြားစက်ဝင်းကြီးထဲက တလမ်းလုံး ပိတောက်ပန်းတွေ ဝါထိန်လာတာမျိုး ကျနော်တွေ့ဖူးသည်။ သို့သော် ပိတောက်ပန်းတွေ အစုလိုက်အခဲလိုက် ပွင့်ပုံမျိုးက နော်ဝေနိုင်ငံ အော်စလိုမြို့က လမ်းဘေး တောတန်းလေးတခုလုံး သစ်ရွက်တွေ ဝါရွှေနေတာမျိုးနှင့် တကယ့်ကို မတူ။

နံရံပေါ်က စိတ်ကူးနှင့် ချိတ်ဆွဲထားသည့် အဝါရောင်သစ်ပင်တောတန်းကလေးကို ထိုင်ကြည့်ရင်းက ယင်းအဝါရောင်ပန်းချီကားပေါ်က အလှကို ကျနော် တွေ့လာရသည်။ နေရောင်တွေ ကန့်လန့်ဖြတ် တိုးဝင်လာနေစဉ် သစ်ရွက်များမှာ အဝါရောင်တောက်ပကာ လှချင်တိုင်း လှနေခြင်းကို ကျနော် သတိပြုမိလာခဲ့သည်။ ဘဝမှာ သည်လို တောက်ပဝါရွှေသည့် အလှမျိုး ကျနော် တမ်းတခဲ့ဖူးသည်။ သည်လို ထိန်ထိန်ဝါနေသည့် အလှပိုင်ရှင်မျိုးရဲ့ အရှိန်အဝါမျိုးကို ကျနော်ရှာခဲ့သည်။ ကျနော်စုံမက်ခဲ့သည့် လှပမှုမျိုးကို လက်ညှိုးထိုးပြစရာ ဥပမာတခုအဖြစ် ယင်းအဝါရောင် တောတန်းကလေးကို ကျနော် စွဲလမ်းလာနေစဉ် ဂျပန်ဟိုက္ကူကဗျာဆရာ “ရှိကိ” ရဲ့ ကဗျာတပုဒ်ကို ဖျတ်ခနဲ သတိရလိုက်၏။

ကြွေကျလုဆဲဆဲ

မနာလိုချင်စရာကောင်းလောက်အောင်

လှလိုက်တဲ့ သစ်ရွက်တွေ ... ။

ရှိကိ

၂။

အော်စလိုမြို့မှာ ကျနော် အနှစ်သက်ဆုံးရာသီဥတုက “နွေ” မဟုတ်ပါ။ အာရှတိုက်သားတဦးအဖို့ ဥရောပရဲ့ “နွေ” ကို ယေဘုယျအားဖြင့် နှစ်သက်ကြမှာများပေမယ့် ကျနော်ကတော့ “နွေ” ကို ပယ်ပြီး “ဆောင်းဦး” ရာသီကို အနှစ်သက်ဆုံးဖြစ်ခဲ့၏။ အံ့သြဖို့ကောင်းသည်မှာ ကျနော်တို့ဆီက နွေဝင်သည်နှင့်တပြိုင်နက် သစ်ရွက်တွေ ကြွေကျသလို အော်စလိုမှာက ဆောင်းဝင်တဲ့အချိန်မှ သစ်ရွက်တွေ ကြွေကြရလေသည်။ ကျနော်တို့ဆီမှာ နွေဝင်လို့ သစ်ရွက်တွေ ဝါရွှေခြောက်သွေ့ရသလို သူတို့ဆီမှာက ဆောင်းဝင်လာမှ သစ်ရွက်ဟူသမျှ ရင့်ဝါ ခြောက်သွေ့ကြရသည်။

သို့ပေမဲ့ သူတို့ဆီက ဆောင်းဦးပေါက် သစ်ရွက်တွေ ဝါရင့်လာပုံမျိုးက တကယ့်ကို တုန်လှုပ်စရာ ကောင်းလောက်အောင် လှပလွန်းပါသည်။ ကျနော်တို့ဆီက သစ်ရွက်တွေဝါပုံမျိုးက ရှင်ဥတ္တမကျော်ရဲ့ တောလားထဲက “သစ်ရွက်ရော်ရီ၊ ဣန္ဒီနီဝယ်၊ သိင်္ဂီတဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့ ...” ဆိုတဲ့အတိုင်း အဝါရောင်တဝက်ဝါပုံမျိုး။ အဝါရောင်လျော့လျော့ ဝါပုံမျိုး။ မဝံ့မရဲ ဝါပုံမျိုး။ အော်စလိုမြို့ပေါ်က သစ်ရွက်တွေ ဝါပုံက တကယ့်ကို ရဲရဲရိုင်းရိုင်း ဝါပစ်လိုက်တာမျိုး။

ကျနော်က ဘဝကို အလှနဲ့တွဲချည်ထားချင်တဲ့သူ။ ဒါပေမဲ့ ကျနော်လိုချင်တဲ့အလှက ခေါင်းမြီးခြုံထားတဲ့အလှ မဟုတ်ဘူး။ ရွက်ပုန်းသီးအလှ မဟုတ်ဘူး။ တကယ့်ကို လွတ်လပ် ပွင့်လင်းရဲတင်းတဲ့ အလှမျိုး။ သည်လိုရင်ခုန်ပုံနရီမျိုး အခံရှိတဲ့ ကျနော့်အဖို့ အော်စလိုမြို့က အဝါရောင်တောတန်းလေးကို တွေ့တော့ ဘဝတခုရဲ့ လိုအပ်ချက်တခုကို ဆုပ်ဆုပ်ကိုင်ကိုင် ရှိလိုက်သလို ဖြစ်သွားရ၏။ ကျနော်က အလှထဲက အလှဆုံးကိုမှ ရွေးချယ်တပ်မက်ချင်သူ။ ယင်းအလှမျိုး ပိုင်ဆိုင်ဖူးသူဆိုတဲ့ ဂုဏ်ကို လိုချင်သူ။

ဂျပန်ဟိုက္ကူကဗျာဆရာ “ရှိကိ” ရဲ့ ကဗျာကို တွေးမိတော့ “ရှိကိ” နဲ့ ကျနော် မတူခြားနားတဲ့ အယူအဆ ဖြစ်နေပြန်ပါရော...။ သစ်ရွက်တွေ ဝါချင်တိုင်းဝါ၊ အစွမ်းကုန် ဝါဝင်းလှပနေတဲ့ “အဆုံးစွန်သောအလှ” ကို မြင်ပုံချင်းကြတော့ သူနှင့်ကျနော် အတူတူပင်ဖြစ်သည်။ အဝါရောင်ပန်းချီကားထဲက အဝါရောင်သစ်ရွက်တွေရဲ့ အလှမျိုးကို လိုချင်တပ်မက်တာတော့ သူ မငြင်းပေမယ့် အဲဒီအဝါရောင်ပန်းချီကားကြီးရဲ့ နောက်ကွယ်က ပုန်းခိုနေတဲ့ လူတိုင်းမမြင်နိုင်တဲ့ “သဘာဝဓမ္မအလှ” ကို သူက မြင်လိုက်တယ်လေ။ ကျနော်က ပန်းချီကားကြီးကို ဟိုနေရာမချရဲ၊ ဒီနေရာမချရဲနဲ့ တပွေ့ပိုက်ပိုက် သွားလေရာ သယ်ဆောင်နေတဲ့အခိုက်မှာ “ရှိကိ” က “ဗဟိဒ္ဓ” ရဲ့နောက်က “အဇ္ဈတ္ထ” အထိ တက်လှမ်းပြီး တကယ့် “အစစ်အမှန်အလှ” ကို မြင်အောင် ကြည့်နိုင်ခဲ့တာလား။ အဲဒီ ဆာတိုရီဉာဏ်ကို သူက သူ့ကဗျာထဲမှာ “ကြွေကျလုဆဲဆဲ” ဆိုတဲ့ စကားစုနဲ့ ဖော်ပြလိုက်တာပဲ။ ကျနော်ကတော့ “မနာလိုချင်စရာ ကောင်းလောက်အောင်၊ လှလိုက်တဲ့ သစ်ရွက်တွေ” ဆိုတဲ့ နေရာမှာ ရပ်တန့်သွားတဲ့အချိန် “ရှိကိ” က သစ်ရွက်တရွက်ရဲ့ ဖြစ်ပေါ်တိုးတက် ပြောင်းလဲခြင်း နိယာမအထိ လက်တဆုံး နှိုက်ယူလိုက်တာကလား။ ဒီလိုတွေးမိလာတဲ့ တချိန်တည်းမှာပဲ နောက်ထပ် ဟိုက္ကူကဗျာတပုဒ်ကို ကျနော် သတိရလာပြန်၏။

ဘယ်သစ်ရွက် အရင်ကြွေလိုက်မလဲဆိုတာ

ဘယ်သူမှ မသိဘူး

လေညင်းကလေးရေ

မင်းကော ကြိုပြီးသိသလားကွဲ့။

ဆိုစီဆိုင်

၃။

“ရှိကိ” က သစ်ရွက်တရွက်ရဲ့ အလှနောက်က တကယ့်အစစ်အမှန်အလှ “အနိစ္စဓမ္မ” ကို နှိုက်ယူ ခံစားပြလိုက်တာ ကျနော် တွေ့ခဲ့ရပါပြီ။ “ကြွေကာနီးအလှ” ဆန်းကြယ်မှုနောက်က “အနိစ္စဓမ္မ” ကို “ရှိကိ” ပြောပြလို့ သိလာတာတော့ မှန်ပါပြီ။ ဒါပေမဲ့ အဲဒီ အနိစ္စဓမ္မကို တွေ့ပုံမြင်ပုံက ကျနော်နဲ့မဆိုင်တဲ့ ကျနော်နဲ့မပတ်သက်တဲ့ အနိစ္စဓမ္မလို့ မြင်နေမိပြန်ရော။ ကျနော့်ကွယ်ရာမှာ ကျနော့်မျက်မှောက်မှာ အနိစ္စကို မျက်မှောက်ပြုသွားကြတဲ့ လူပုဂ္ဂိုလ်တချို့ရဲ့ သတင်းကို ကြားရင် အဲဒီအနိစ္စတရားဆိုတာ ဘုံသဘော၊ ဓမ္မဒိဋ္ဌသဘောဆိုတာ ကျနော် မသိဘူးလေ။ ဘယ်လောက်အထိ သတိမမူ ဂူမမြင် ဖြစ်နေရသလဲဆိုတော့ ကိုယ့်ဘဝဆိုတာ အနိစ္စနဲ့မဆိုင်တဲ့ အမတသဘော သက်ဝင်တဲ့ သီးခြားကိစ္စတခုအဖြစ် ယူဆပြီး ကျနော်လုပ်သမျှ၊ ကျနော်တွေးသမျှ “နိစ္စ” ဆိုတဲ့ အခြေခံပေါ်မှာပဲ ရှိခဲ့တာ။ “ဆိုစီဆိုင်” က “ဘယ်သူ အရင်ကြွေလိုက်မလဲဆိုတာ ဘယ်သူမှ မသိဘူး” ဆိုပြီး ရေးလိုက်တော့မှ ကျနော်က တခြားနေရာတွေမှာ လိုက်လုပ်နေတဲ့ ဖိုးကပ်စ်ကို ကျနော့်ကိုယ်ပေါ်မှာ ရွေ့ပြီး ချထားကြည့်မိလေတော့၏။ ဒီတော့မှပဲ ကိုယ့်ကိုယ်ကိုယ် “မုံညှင်းစေ့” ပိုင်ဆိုင်ထားသူလို့ ထင်နေတဲ့ ကျနော့်မှာ တုန်လှုပ်သွားရ၏။ သည့်နောက်တော့ ကျနော့်ရှေ့မှာ ရုတ်တရက် သစ်ရွက်တရွက် ကြွေကျသွားတာမြင်တိုင်း နောက်ထပ် ဟိုက္ကူကဗျာဆရာ “ရန်ဆက်ဆု” ရဲ့ ကဗျာတပုဒ်ကို တွေးပြီး ကျနော့်ရဲ့ နွေဦးအကြိမ် ၅၀ ကျော်လာခဲ့တဲ့ ကာလရှည်အမှားတခုအတွက် နောင်တရမိ၏။

သစ်ရွက်တရွက် ကြွေကျလာနေတယ်

အလိုလေး

နောက်တရွက်

ပြီးတော့ နောက်တရွက်

ကြွေကျ ကြွေကျလို့လာနေလျက် ... ။

ရန်ဆက်ဆု

၄။

“ရှိကိ”၊ “ဆိုစီဆိုင်” နှင့် “ရန်ဆက်ဆု” တို့က ကဗျာဆရာတွေ ဖြစ်ကြ၏။ ပါရမီရင့်သန်သူများ ဖြစ်ကြ၏။ ကျနော်ကမူ ပါရမီနုံ့နဲ့သူတဦးမျှသာ ဖြစ်၏။ ထို့ကြောင့် ကျနော်က သစ်ရွက်တို့၏ အလှကိုသာ တွေ့ပြီး သူတို့ကမူ သစ်ရွက်တို့၏ အလှကိုသာမက ယင်းသစ်ရွက်တို့၏ ဘဝကိုပါ တွေ့နိုင်ကြခြင်း ဖြစ်လေသည်။    ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

ဥ​ရောပမဲဇာ၏ လွမ်း​မောဖွယ် ဆောင်းဦးရွက်​ကြွေ​နေ့များသို့....

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024