ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးမှာ အောက်တိုဘာ ၂၂ ရက်နေ့ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွား ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ သာယာ ၅ လမ်းမှာရှိတဲ့ စရဖ ရုံးမှာ ည ၉ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မြို့ခံတဦးက “အုံး ဆိုပြီးတော့ ကြားလိုက်တာ ပထမကားဘီးကွဲတာထင်လို့ နောက်မှ အဲ့ဘက်က ဗုံးကွဲတယ်ဆိုတာ သိရတာ။ ဖြစ်တဲ့အချိန်ကနောက်ကျနေတော့ ဘယ်သူမှလည်း မထွက်တော့ဘူး၊ ဒဏ်ရာရတဲ့သူတော့ ရှိနိုင်တယ်၊ သေချာတော့မသိသေးဘူး”လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံရဲတွေက မြို့တွင်း ကားနဲ့လှည့်လည်ပြီး ဗုံးပေါက်ကွဲတဲ့ရပ်ကွက်မှာလည်း ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ကြံခင်းမြို့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာကိုလည်း မသိရသေးပါဘူး။