ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ အောက်တိုဘာ ၂၂ နေ့လယ်ပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် (အေအိုင်အေ)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဝဝမ်ကျေးရွာအနီး လုံဂျာတောင်ခြေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့အပြင် လေယာဉ်နဲ့ သုံးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒေသခံတဦးက "စစ်တပ်ကတောင်ခြေကို ညကတည်းက ရောက်လာတာ။ မနက် ၇ နာရီလောက် စပစ်တာပဲ။ လက်နက်ကြီးနဲ့ပစ်တာလည်းမနည်းဘူး။ နှစ်ဘက်တိုက်ပွဲက နေလယ်မှာဖြစ်နေတုန်း လေယာဉ်နဲ့ဗုံးလာကြဲတယ်။ သုံးကြိမ်ထက်မနည်းဘူး။ တစ်ခါကြဲ နှစ်လုံးနဲ့ ဆိုတော့ ကျနော်တို့လည်းပြေးနေရတာပဲ" လို့ ပြောပါတယ်။
စစ်ကောင်စီတပ် အင်အား ၈၀ လောက်ဟာ လုံဂျာတောင်ခြေကို စစ်ကြောင်းထိုးလာပြီး မိုးမောက် ၃၄၇ တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်နေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပါတယ်။
နောက်ထပ်ဒေသခံ အမျိုးသားတဦးက "မနက် ၉ နာရီလောက်က လက်နက်ကြီးနဲ့ စပစ်တယ်။ အကြိမ်ရေ အတော်များတယ်။ ကျနော်တို့လည်း ဘေးလွတ်ရာပြေးရတာပဲ။ ညနေပိုင်းအထိ ပစ်နေတုန်း။ နှစ်ဘက်အထိအခိုက်ကတော့ သေချာမသိရဘူး"လို့ ပြောပါတယ်။
စက်တင်ဘာ ၆ ရက်ကလည်း စစ်ကောင်စီတပ်က ဝဝမ်ကျေးရွာကို စစ်ကြောင်းထိုး ရောက်လာပြီး နေအိမ် ၂၀ လောက်ကို ဝင်ရောက်ကာ နေအိမ်အတွင်း ပစ္စည်းတွေကို ရှာဖွေမွှေနှောက်ပါတယ်
စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အတွက် ဝဝမ်ကျေးရွာနေ ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာ ငါးကြိမ်ထက်မနည်း ရှိပြီဖြစ်ပါတယ်။