Home
မြန်မာသတင်း
ရခိုင်တွင် စက်လှေများကို ရေတပ်က ဖမ်းဆီးငွေညှစ်၊ နေရပ်ပြန်စစ်ဘေးရှောင်များကို စစ်တပ်က တားမြစ်
DVB
·
October 22, 2022
00000

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ အောက်တိုဘာ ၂၁ ရက် နေ့လယ်က စစ်ကောင်စီရေတပ်က ပြည်သူပိုင် စက်လှေတွေကို ဖမ်းဆီးပြီး ငွေညှစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်တွေမြို့ မြို့မစျေး ဆိပ်ကမ်းကနေ စစ်ကောင်စီရေတပ်က မနေ့က နေ့လယ်ပိုင်းမှာ စက်လှေတွေကို လိုက်လံစစ်ဆေးပြီး စက်လှေ တစီးကို ကျပ် ၁ သိန်းမှ  ၂ သိန်းအထိ ငွေညှစ်နေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“စစ်ကောင်စီရဲ့ ရေတပ်က စျေးကြီးဆိပ်ကမ်းနားကနေ မနေ့က ညနေ ၅ နာရီလောက်မှာတော့ စက်လှေအကြီးတစီးကို ဖမ်းဆီးပြီး စစ်တွေမြို့ ရွှေမင်းဂံ ဆိပ်ကမ်းကိုခေါ်သွားကြတယ်။ အဲဒီစက်လှေပေါ်မှာ ဘာကုန်ပစ္စည်တွေပါတယ်ဆိုတာကို အတိကျမသိရပေမဲ့ စစ်ကောင်စီဘက်ကတော့ စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းတွေကို မတရားဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်။”

အဲဒီလို ငွေညှစ်ခံရတဲ့အထဲ ခရီးသည်တင်စက်လှေတွေနဲ့ ငါးဖမ်းစက်လှေတွေပါဝင်ပြီး အများစုကတော့ ငါးဖမ်းစက်လှေတွေဖြစ်ကာ ကျပ် ၂ သိန်းကျပ်တောင်းပေမဲ့ တချို့စက်လှေတွေကတော့ မပေးနိုင်တဲ့တွက်  ကျပ် ၁ သိန်းနဲ့ အဆင်ပြေခဲ့တာလည်းရှိတယ်လို့ စစ်တွေဒေသခံတယောက်က ပြောပါတယ်။

မောင်တောမြို့နယ်မှာတော့ တိုက်ပွဲတွေမရှိတော့လို့ နေရပ်ပြန်တဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းဌာနချုပ်က ပိတ်ဆို့ထားလို့ ရွာသားတချို့  အိမ်မပြန်နိုင်ဘဲ အခက်အခဲကြုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း ဒေသခံ အမျိုးသမီးတယောက်က “ကျမတို့ ရွာဘက်တွေမှာတော့ လက်နက်ကြီး ပစ်ခတ်သံတွေ မကြားရတာ ၁၀ ရက်ကျော်လောက် ရှိနေပြီး နေရပ် ပြန်လာနိုင်တဲ့ သူတွေ ရှိသလို စစ်ကောင်စီရဲ့ နယ်ခြားစောင့်ဌာနချုပ်က ပိတ်ဆို့ထားလို့ မပြန်နိုင်တဲ့သူတွေလည်း ရှိနေတယ်” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်တွေက လမ်းတွေ ပိတ်ဆို့ထားလို့ စားနပ်ရိက္ခာနဲ့ ကုန်ပစ္စည်း စျေးနှုန်းတွေ မြင့်တက်နေပြီး စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။

ဒေသခံ တဦးက “နယ်ခြားစောင့်ဌာနချုပ်က လုံးဝမလွှတ်ဘူး။ ဆရာတော်ထောက်ခံချက်၊ အုပ်ချုပ်ရေးမှူး ထောက်ခံချက်တွေနဲ့ သွားတာလည်း လုံးဝမလွှတ်ဘူး။ ဒါကြောင့်မို့ စားဝတ်နေရေးတွေ အခက်အခဲ ကြုံနေရတဲ့အတွက် လမ်းတွေကို ပြန်ဖွင့်ပေးပြီး စျေးဝယ်တဲ့ကားတွေကို ဖြတ်သန်း သွားလာခွင့်ပေးဖို့ တောင်းဆိုချင်တယ်။”လို့ ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် လယ်စိုက်ခင်းတွေကို ပစ်ထားခဲ့ရကာ စပါးခင်းတွေကို နွားစားတာတွေ၊ ပေါင်းမထိုးနိုင်တာတွေကြောင့် ပျက်ဆီးဆုံးရှုံးကြရပြီး စပါးအထွက်နှုန်းတွေ လည်း လျော့နည်းသွားခဲ့သလို စပါးသီးနှံ မရလိုက်တဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ရတာက အခက်အခဲမရှိပေမဲ့ ကိုယ့်အိမ်မှာနေရတာက ပိုကောင်းတဲ့အတွက် နေရပ်ပြန်ဖို့ ကြိုးစားကြတာဖြစ်ပြီး စစ်ရှောင်စခန်းတွေမှာ အလှူရှင်တွေ မရှိရင် အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲတွေ ဖြစ်ပွားနေလို့ နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ အရင်စစ်ဘေးရှောင်ပြည်သူ ၈၀,၀၀၀ ကျော် အထိရှိနေပါတယ်။

သြဂုတ်လအတွင်းကစလို့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားတဲ့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသူတွေအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024