ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ဟားခါး-မတူပီကားလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ကျောဘုတ်စစ်ဆေးရေးစခန်းကို အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက CDF (ဟားခါး)အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးသွားတယ်လို့ Senthang Council ဆဲန်ထန်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၉ ရက်က ဘွန်လုံးကျေးရွာမှာ ကျေးရွာပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုအတွင်း မူလတန်းကလေးငယ် ၂ ဦးသေဆုံးမှုနဲ့ ၁ ဦး အပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပေါ် ပြန်လည်လက်တုံ့ပြန်တာလို့ ဆိုပါတယ်။
ဆဲန်ထန် ကောင်စီ တာဝန်ရှိသူတစ်ဦးက "သူတို့စစ်ဆေးရေးစခန်းကို တိုက်ခဲ့တာဟုတ်ပါတယ်။ ကျောင်းပြန်လာတဲ့ ကလေးနှစ်ယောက် သူတို့ ဒရုန်းနဲ့ ဗုံးချလို့ အသက်ဆုံးရှုံးခဲ့ရတဲ့အပေါ် လက်စားခြေတိုက်ခိုက်တာပါ။ အဲ့ဒီမှာတင် စစ်ကောင်စီတပ်ဘက်က ၅ ယောက်သေတယ်။ မိမိတို့ဘက်မှာတော့ အထိခိုက်တစုံတရာတော့ မရှိခဲ့ပါဘူးခင်ဗျ " လို့ ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF - Hakha Battalion 2 (Senthang) မှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်
တိုက်ခိုက်မှုဟာ သေဆုံးသွားတဲ့ စစ်သားတွေရဲ့ အလောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကားအကြီး ၂ စီး၊ ကားအသေး ၃ စီးနဲ့ သယ်ဆောင်သွားကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောက်တိုဘာ ၁၉ ရက်က ဘွန်လုံးကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုမှာ မူလတန်းကျောင်းသူ တယောက် အပြင်းထန်ဒဏ်ရရှိခဲ့ကာ အသက် ၆ နှစ်အရွယ် မောင်ဟင်နရီဘွေလျန်းနဲ့ အသက် ၇ နှစ်အရွယ် မောင်ဂျိမ်းစ်ရှမ်ဇအုပ်တို့ သေဆုံးသွားခဲ့ပါတယ်။