Home
မြန်မာသတင်း
ကျောက်တော်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်
DVB
·
October 21, 2022
Army hellicopter

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မြောက်ဘက် ကြာညိုအင်းဘဲကို အောက်တိုဘာ ၂၀ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့မနက်အစော ၁ နာရီလောက်မှာ စစ်ကောင်စီက တိုက်လေယာဥ်တစင်းနဲ့ ကြာညိုအင်းဘဲကို ၁၅ မိနစ်လောက် လေကြောင်းတိုက်ခိုက်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ကျောက်တော်မြို့နယ်ခံ တဦးက ပြောပါတယ်။

“သူတို့ကတော့ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ တပ်စခန်းရှိတဲ့နေရာလို့ ခန့်မှန်းပြီး အလစ်အငိုက် လာရောက်ပစ်ခတ်တဲ့ သဘောပဲ။ အခုတပတ်အတွင်းမှာလည်း ကျောက်တော်၊ ပလက်ဝနဲ့ မင်းပြားမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့ ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့  ပြည်သူတွေ သေဆုံးဒဏ်ရာ ရခဲ့တယ်။”

တိုက်ခိုက်ရေးနဲ့ ထောက်ပို့ရဟတ်ယာဥ်တွေကတော့ တရက်ကို ၆ စီးထက် မနည်း စစ်တွေ ခလရ ၂၀ ကနေ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပလက်ဝဘက်တွေကို ဆက်တိုက် သွားလာနေ ကြတယ်လို့ ဆိုပါတယ်။

“စစ်တပ်က အင်အားတွေ၊ ရိက္ခာတွေ ပို့သလားတော့ မသိဘူး။ ကျနော်တို့နေအိမ် ခေါင်မိုး ပေါ်တွေကနေ ရဟတ်ယာဥ် တစီးပြီးတစီး ဖြတ်ပျံနေတာ။ အများစုကတော့ စစ်တွေမြို့ဘက်က နေ မြောက်ဘက်ကို နေ့တိုင်းသွားလာနေကြလို့ ဒေသခံတွေအနေနဲ့ လေကြောင်း တိုက်ခိုက်ခံ ရမှာကို စိုးရိမ်နေကြရတယ်။”

ရခိုင်မြို့အများအပြားမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာ၊ ဧည့်စာရင်း စစ်တာ၊ ပရဟိတသမားတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေပြီး  လက်နက်ကိုင်တပ်ဖွဲ့တွေက ခရီးသည်တင်ယာဥ်နဲ့ ကုန်တင်ယာဥ်တွေကို ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးသွားလာမရအောင် ပိတ်ဆို့ကာ  ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွ့င်ပိတ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024