တနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြို့မအားကစားဘောလုံးကွင်း မျက်နှာစာမှာရှိတဲ့ ဈေးဆိုင်ခန်း ၃၇ ခန်းကို သုံးလအတွင်း အပြီးဖယ်ရှားဖို့ စစ်ကောင်စီလက်အောက်ခံ တနင်္သာရီတိုင်း အစိုးရအဖွဲ့က ဆိုင်ခန်းပိုင်ရှင်တွေကို ခေါ်ယူပြီး ဖိအားပေးခဲ့တယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။
အဲဒီဆိုင်ခန်းမြေနေရာတွေကို မြိတ်ခရိုင် အားကစားနဲ့ ကာယပညာ ဦးစီးဌာနက နှစ် ၃၀ စာချုပ်နဲ့ ငှားရမ်းထားတာဖြစ်ပြီး ဆိုင်ခန်းတွေကို ဖယ်ရှားပေးဖို့ စစ်ကောင်စီလက်အောက်ခံ အစိုးရအဖွဲ့က အောက်တိုဘာ ၁၄ ရက်မှာ ဆိုင်ခန်းပိုင်ရှင်တွေကို ခေါ်ယူပြီး အတင်း လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ ကန်ထရိုက်ငှားရမ်းပြီး အခိုင်အမာ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေ ဖြစ်တာကြောင့် သုံးလအတွင်းမဟုတ်ဘဲ နောက်ထပ် သုံးနှစ်လောက် ဆက်လက်လုပ်ကိုင်ခွင့်ရဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီလက်အောက်ခံ အစိုးရအဖွဲ့ကတော့ အထက်ကို တင်ပြပေးမယ်လို့ပဲ အကြောင်းပြန်ခဲ့ပါတယ်။
လက်ရှိ ဆိုင်ခန်းတခန်းရဲ့ ကာလတန်ကြေးက သိန်း ၇၀၀ ဝန်းကျင်ရှိပြီး စာချုပ်သက်တမ်းက ၆ နှစ်ကနေ ၉ နှစ်အထိ ကျန်ရှိနေသလို တချို့ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ စစ်အာဏာမသိမ်းခင် လပိုင်းအလိုက ဝယ်ထားသူတွေလည်းရှိတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံအတွင်းက မြို့နယ်တချို့မှာရှိတဲ့ အားကစားနဲ့ ကာယပညာ ဦးစီးဌာနက နှစ်ရှည်ငှားရမ်းထားတဲ့ မြေနေရာတွေကို အင်အားသုံးဖယ်ရှားတာတွေ ပြုလုပ်လာပါတယ်။