ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်၂ ရပ်ကွက် ပေါင်းစည်းမြိုင် ၁ လမ်းရှိ ပစ္စည်းအပေါင်ဆိုင်တဆိုင်ရှေ့မှာ အောက်တိုဘာ ၂၀ ရက် မနက် ၇ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။
ပစ္စည်းအပေါင်ဆိုင်ရှေ့မှာ အောက်တိုဘာ ၁၉ ရက်က ဆိုင်ကယ် တစီးလာရပ်ထားပြီး နောက်တနေ့ မနက် ၇ နာရီလောက်မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ရှေ့ ရပ်ထားတဲ့ ဆိုင်ကယ် ၂ စီးနဲ့ ဗုံးထောင်ထားတဲ့ ဆိုင်ကယ်အပါအဝင် ၃ စီး ပျက်စီးသွားပြီး ဆိုင်တံခါးနဲ့ တခြားပစ္စည်းတွေလည်း အနည်းငယ်ပျက်စီးသွားကာ လူထိခိုက် သေဆုံးဒဏ်ရာရတာတော့ မရှိဘူးလို့ မြဝတီမြို့ခံတယောက်က ပြောပါတယ်။
အခုရက်ပိုင်း မြဝတီမြို့နယ်မှာ မကြာခဏမိုင်းပေါက်ကွဲတာရှိနေသလို စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။
တိုက်ပွဲတွေကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းကို ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ ဖြတ်သန်းသွားလာခွင့် ရက်အကန့်သတ်မရှိပိတ်ထားတဲ့အတွက် ခရီးသည်တွေနဲ့ ယာဉ်တွေ လမ်းမှာ ပိတ်မိပြီး သောင်တင်နေပါတယ်။
မဖြစ်မနေအရေးပေါ် ခရီးသွားဖို့လိုနေသူတွေကတော့ မြဝတီမြို့မြောက်ဘက် ထို့ကော်ကိုး မြေနီလမ်းကနေ ဖြတ်သန်းသွားလာတာရှိတယ်လို့ ယာဉ်မောင်းတွေနဲ့ ခရီးသွားတွေထံက သိရပါတယ်။