ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်တော် အခြေစိုက် စခက ၉ အပါဝင် စစ်ကောင်စီတပ်ရင်းတွေက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ဝက်မှိုင်းကျေးရွာက အသက် ၂၄ နှစ်အရွယ် ကိုကျော်သန်းနဲ့ အသက် ၃၄ နှစ်အရွယ်ကိုကျော်မောင်တို့ ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပါတယ်။
ကျောက်တော်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မနက်ပိုင်းက စလို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို ဘာတိုက်ပွဲမှမဖြစ်ဘဲ နဂရာရွာ ရုပ်သားရွာဘက်တွေကိုလည်း နေ့စဥ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြလို့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူတွေလည်းရှိနေတယ်လို့ ကျောက်တော်မြို့ ဒေသခံက ပြောပါတယ်။
“ဒီနေ့မှာ ကျနော်တို့ ကြားတာကတော့ဗျာ ကစ္ဆပနဒီ တံတားနားမှာ အောက်တိုဘာ ၁၉ ရက်နေ့ နေခင်းဘက်မှာ ပေါက်ကွဲမှုတခုဖြစ်တယ်လို့တော့ကြားတယ်။ အဲဒီနောက်ပိုင်းမှာ စစ် (-) တွေက လက်နက်ကြီးတွေနဲ့ ကျေးရွာတွေ အားလုံးကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြတာ။”
ဒဏ်ရာရတဲ့သူတွေကတော့ ကျောက်တော်မြို့ ကစ္ဆပနဒီတံတားကနေ ပစ်ခတ်လို့ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တလုံးလည်း အိမ်ခေါင်မိုးပေါ်ကနေ ကျရောက်ကာ ကြမ်းပျဥ်မှာ တွဲနေခဲ့တယ်လို့ ဆိုပါတယ်။
“စခက ၉ က စစ်(...)တွေက ဒီနေ့ မနက် ၁၀ နာရီ ၁၉ မိနစ်မှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နဂရာရွာလယ်မှာရှိတဲ့ စာကြည့်တိုက်ကို ကျရောက်ပေါက်ကွဲကာ စာကြည့်တိုက် အဆောက်အဦး ထိခိုက်ပျက်စီးသွားတယ်”လို့ နဂရာရွာဒေသခံတယောက်က ပြောပါတယ်။
စစ်(...)တွေက လက်နက်ကြီးတွေနဲ့ နေ့စဥ်ရက်ဆက်ပစ်ခတ်နေလို့ နဂရာကျေးရွာက ပြည်သူတွေဟာ ရွာလုံးကျွတ် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင်တပ်တော် (အေအေ)တို့ အခုနှစ် သြဂုတ်လ ကစတင်ကာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေပါတယ်။
မြို့အများအပြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ ဧည့်စာရင်းစစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေအားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။