ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တယောက် အောက်တိုဘာလ ၁၉ ရက် ဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်စထိမှန်သေဆုံးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
ပြိန်းတောကျေးရွာ ဒေသခံတစ်ဦးက “ရစိုးချောင်းစစ်ဗျူက ဒီနေ့မနက်ပိုင်းမှာလက်နက်ကြီး ၅ လုံးပစ်တယ်။ ရွာအလယ်မှာကျတဲ့ အလုံးပေါက်ကွဲတဲ့အရှိန်ကြောင့် အုန်းပင်တစ်ပင် ထက်ပိုင်းကျိုးသွားတယ်။ ဒီကလေးမလေးက အဲ့ဒီအနားမှာ ကစားနေတာ သူ လွင့်စဥ်သွားတယ်။ သွားကြည့်တော့ ကျည်စတွေထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားတာ”လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ မိန်းကလေးဟာ အဘဦးအောင်ကျော်မင်းနဲ့ အမိဒေါ်သိန်းနုရဲ့သမီး ဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။
ရစိုးချောင်းစစ်ဗျူဟာကုန်းကနေ အနီးပတ်ဝန်းကျင်ရှိ မညှင်းတောင်၊ ကျောင်ရံသာစည်၊ အမျက်တောင်၊ ငစံဘော် စတဲ့ကျေးရွာတွေမှာ လူတွေ မနေထိုင်အောင် ရွာတွေဘက်ကို လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေလို့ ကျေးရွာသားတွေ မြို့ပေါ်နဲ့ နီးစပ်ရာကျေးရွာတွေဆီ ထွက်ပြေးသွားခဲ့ရပါပြီ။
ဒေသခံတဦးက “သူတို့က ကျေးရွာတွေမှာ လူမနေနိုင်အောင် တမင်တကာရည်ရွယ်ပြီး လက်နက်ကြီးတွေ ပစ်နေတာ။ ရစိုးချောင်းဗျူဟာနဲ့ နီးတဲရွာတွေ လူတစ်ယောက်မှ မရှိကြတော့ဘူး။ အခု ပြိန်ရွာအလှည့်ကျလာတာ”လို့ ပြောပါတယ်။
မင်းပြားမြို့နယ်မှာလည်း အောက်တိုဘာ ၁၇ ရက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကျောင်းဆရာမတယောက် အပါအဝင် ဒေသခံ သုံးယောက် သေဆုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ လူနေရပ်ကွက်၊ ကျေးရွာတွေကို ကျရောက်ပေါက်ကွဲခဲ့ရာမှာ သြဂုတ် ၂၈ ရက်မှ ယနေ့အထိ သေဆုံးသူ ၉ ဦး၊ ဒဏ်ရာရသူ ၁၆ ဦးလောက်ရှိတယ်လို့ ရခိုင်လူမူအဖွဲအစည်းတွေရဲ့ မှတ်တမ်းအရသိရပါတယ်။