ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကုဋေကျေးရွာမှာ တရားမဝင် ကျောက်စိမ်း တူးဖော်နေတဲ့ နေမင်းကမ္ဘာကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီပိုင် စက်ယန္တရားတွေကို စစ်ကောင်စီလက်အောက်ခံ တပ်မ ၃၃ က အောက်တိုဘာ ၁၅ ရက်မှာ သိမ်းဆည်းလိုက်တယ်လို့ ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါတယ်။
တရားမဝင် ကျောက်စိမ်းတူးဖော်နေတဲ့ စက်ယန္တရားတွေကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး မြေပြင်တပ်တွေနဲ့ ဝင်ရောက်သိမ်းဆည်းခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။
ဒါ့အပြင် မြေစာပုံဈေးဆိုင်တန်းမှာရှိတဲ့ ရေမဆေးသမားတွေကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားပြီး ကျောက်စိမ်းတူးဖော်တဲ့နေရာမှာ အသုံးပြုတဲ့ ကက်နဲ့ ယမ်းတန်ချိန်ပေါင်းများစွာကိုလည်း သိမ်းယူခဲ့သလို ကုမ္ပဏီဝန်ထမ်းတချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်တာတွေကို ရပ်နားထားဖို့ အမိန့်စာတွေ အကြိမ်ကြိမ်ထုတ်ထားပေမယ့် မြေပြင်မှာတော့ ကျောက်စိမ်းတူးဖော် ထုတ်ယူတာတွေက ရှိနေဆဲ ဖြစ်ပါတယ်။
အဲဒီလို တူးဖော်ခွင့်ရဖို့ကိုလည်း စစ်ကောင်စီလက်အောက်ခံ နယ်မြေခံတပ်မကို တူးဖော်တဲ့ ကုမ္ပဏီတွေက ဘက်ဟိုးကားအစီးရေပေါ် မူတည်ပြီး လစဉ်ကြေးသဘောမျိုးပေးပြီး တူးဖော်ကြရတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တရားမဝင်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ စက်တင်ဘာလောက်ကတည်းက ပြန်လည်တူးဖော်နေခဲ့တာဖြစ်ပြီး ဖမ်းဆီးတာဟာ အခုတကြိမ် ပထမဆုံးဖြစ်ပါတယ်။