Home
မြန်မာသတင်း
ပခုက္ကူအကျဥ်းထောင်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွား
DVB
·
October 17, 2022
309707439_197908052695619_9201564252301353440_n

မကွေးတိုင်း၊ ပခုက္ကူအကျဉ်းထောင်မှာ အောက်တိုဘာ ၁၅ ရက် ညက ထောင်အာဏာပိုင်တွေနဲ့ အကျဥ်းသားအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တယ်လို့ ပခုက္ကူထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က ကြိုတင်သတင်းရထားပြီး လုံခြုံရေးတင်းကျပ်ထားလို့  ထောင်ပြင်ပမှာရှိတဲ့ အဖွဲ့က လှုပ်ရှားဖို့အခွင့်မသာဖြစ်နေချိန် ထောင်အတွင်းကနေ လှုပ်ရှားရာကနေ ထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ပခုက္ကူအကျဥ်းထောင်နဲ့ နီးစပ်သူတယောက်က “ ပခုက္ကူထောင်မှာလှုပ်ရှားမှုလုပ်ဖို့ အောက်တိုဘာ ၁၅ ရက် ည ၆ နာရီလောက်မှာ အပြင်နဲ့အတွင်း တိုင်ပင်ခေါ်ထားပေမယ့် အပြင်က ကယ်ထုတ်မယ့်အဖွဲ့က အခွင့်မသာလို့ အတွင်းထဲမှာရှိတဲ့ အကျဥ်းသား ၅၀ လောက်က အသစ်ပြောင်းလာတဲ့ ဒုတိယထောင်မှူးကို ဓားနဲ့ထိုးခဲ့ကြတာ။ သေဆုံးတယ်လို့ သတင်းတွေ ထွက်နေပေမယ့် သတင်းတွေ ဖုံးထားလို့ အတိကျတော့ အတည်မပြုနိုင်သေးဘူး”လို့ ပြောပါတယ်။

ဒုတိယထောင်မှူးကို အကျဥ်းသားတွေက ဓားနဲ့ဝိုင်းထိုးနိုင်ခဲ့တာကြောင့် အသက်ရှင်ဖို့ မသေချာဘူးလို့လည်း ပြောပါတယ်။

အဲဒီဖြစ်စဥ်မှာပါဝင်တဲ့ အကျဥ်းသား ၅၀ လောက်ကို ထောင်တွင်းဥပဒေအရ အရေးယူမယ်လို့သိရတယ်။

ပခုက္ကူအကျဥ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ဖူးသလို ထောင်တွင်းရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာကတော့ ဒုတိယ အကြိမ် ဖြစ်ပါတယ်။

ပခုက္ကူအကျဥ်းထောင်မှာ စက်တင်ဘာ ၁၀ ရက်က နိုင်ငံရေး အကျဥ်းသား ၅ ယောက်ဟာ ထောင်ဖောက်ပြီး လွတ်မြောက်လာလို့ တော်လှန်ရေးတပ်ဖွဲ့တခုက ကယ်ထုတ်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်နိုင်ခဲ့ပါတယ်။

ပခုက္ကူအကျဥ်းထောင်ထဲက နိုင်ငံရေးအကျဥ်းသား ၇၅ ယောက်ကို  အောက်တိုဘာ ၁၅ ရက်နေ့မှာ မြင်းခြံထောင်ကို ပို့ဆောင်ပြီး  အောက်တိုဘာ ၁၆ ရက် မနက် ၆ နာရီခွဲမှာလည်း နိုင်ငံရေးကျဥ်းသား တချို့ကို မကွေးအကျဥ်းထောင်သို့ ပို့ဆောင်လိုက်တယ်လို့ ထောင်အသိုက်အဝန်းကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024