ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက် ညက နှီးဝါးသွားသယ်တဲ့ အမျိုးသားတဦး မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နန်းခွင်ကျေးရွာမှာနေထိုင်တဲ့ ကိုသားသား ဆိုသူဟာ ရေစိမ်ထားတဲ့ နှီးဝါးများသွားသယ်စဉ် မိုင်းနင်းမိပြီး ခြေထောက်ပြတ် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
"ညနေ ငါးနာရီလောက်က ကိုသားသားက ရေစိမ်ထါးတဲ့ နှီးတွေသွားသယ်ရင်း မိုင်းနင်းမိတာ။ မိုင်းကလည်း ပြင်းတယ်။ ခြေထောက်တွေ ဖွာလန်ကျဲပြီး ပြတ်သွားတာ" လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
မိုင်းနင်းမိလို့ ခြေထောက်ပြတ်သွားတဲ့ ကိုသားသားကို မိုးကောင်းဆေးရုံ သယ်ဆောင်သွားပေမယ့် ဆေးရုံက မရတော့ဘူးဆိုတဲ့အတွက် အိမ်ပြန်ခေါ်လာစဉ် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
မိုးကောင်းမြို့ ထုံးရေပေါက်ကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လက လင်မယားနှစ်ဦး ဟင်းရွက်သွားခူးစဉ် မိုင်းနင်းမိပြီး အမျိုးသားဖြစ်သူသေဆုံးကာ ဇနီးဖြစ်သူက ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါသေးတယ်။