ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အဝင် လေးမိုင်ကျေးရွာမှာ အောက်တိုဘာ ၁၆ ရက် ညပိုင်းက ကျောင်းထိုင်ဆရာတော်တပါး သေနတ်နဲ့ပစ်ခတ်ခံရပြီး ပျံလွန်တော်မှုသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေရှင် လေးမိုင်ကျေးရွာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သီလာနန္ဒဟာ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နဲ့ စကားပြောဆိုနေစဉ် အမည်မသိသေနတ်သမားအဖွဲ့က လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
"ည ၈ နာရီလောက်က ကျောင်းထဲမှာ အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့စကားပြောနေတုန်း ဝင်ပစ်သွားတာ။ အားလုံး ၁၀ ဦးလောက်ရှိတယ်၊ ကားနဲ့ရောက်လာပြီး မဆိုင်သူတွေ ခေါင်းငုံ့နေဆိုပြီး ဆရာတော်ကို ရွေးပစ်သွားတာ။ အခြားသူတွေတော့ ဘာမှမဖြစ်ဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။
ရေရှင်လေးမိုင်ကျေးရွာက ကျောင်းထိုင်ဆရာတော်ကို အမည်မသိ သေနတ်သမားအဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် သေနတ်ဒဏ်ရာ ၆ ချက်ရရှိပြီး ပျံလွန်တော်မှုကာ မိုးကောင်းစစ်ဆေးရုံကို ပို့ဆောင်ထားပါတယ်။
"ဆရာတော် သေနတ်ဒဏ်ရာ ၆ ချက်နဲ့ပျံတော်မှုတယ်။ ခု မိုးကောင်း စစ်ဆေးရုံကို ပို့ထားတယ်။ ဆရာတော်က တပ်နဲ့နီးစပ်တယ်" လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။
ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သီလာနန္ဒ သေနတ်နဲ့ ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။