ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ဘုရားချောင်းကျေးရွာမှာ စက်တင်ဘာ ၁၅ ရက်နေ့ညက မိုးရွာသွန်း လေပြင်းတိုက်ခတ်ပြီး နေအိမ်ပေါ် သစ်ပင်ပိတာကြောင့် ကိုးလသားအရွယ် ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည ကိုးနာရီခွဲက မိုးရွာသွန်း လေပြင်းတိုက်တာကြောင့် ဘုရားချောင်းကျေးရွာ တဲအိမ်ပေါ် သစ်ပင်ပိပြီး အိပ်ပျော်နေတဲ့ မိသားစုဝင် ငါးဦးအနက် သုံးဦးသေဆုံးခဲ့တာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"သူတို့က အရမ်းဆင်းရဲတာ၊ ဝါးအိမ်လေးနဲ့နေတာ၊ ဓနီမိုးထရံကာ ဝါးခင်းပေါ့။ အိမ်ဘေးက သစ်ပင်ကြီးပိတာ။ အိပ်နေတဲ့ အချိန်ဆိုတော့ ဘယ်သူမှမသိလိုက်ဘူး။ အဖေဖြစ်သူနဲ့ နောက်တစ်ယောက်ပဲ လွတ်တယ်။ ကိုးလသားရယ်၊ ရှစ်နှစ်အရွယ် သမီးရယ်၊ သူ့အမေရယ် သေသွားတယ်။"
သေဆုံးသူတွေက အသက် ၃၂ နှစ်အရွယ် ဒေါ်တင်ဇာမော်၊ ၈နှစ်အရွယ် မဇူးဇူးမောင်နဲ့ ၉ လအရွယ် သားလေးဖြစ်တယ်လို့ ကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"အခု သူတို့သုံးဦးကို ဒေးဒရဲဆေးရုံက ရင်ခွဲရုံပို့ထားတယ်၊ မြိုနယ်ကလူတွေလည်း ရောက်နေတယ်၊ ကယ်ဆယ်ရေးတွေရော။"
အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဖခင်ဖြစ်သူနဲ့ ကလေးငယ်ကတော့ နီးစပ်ရာဆွေမျိုးတွေ နေအိမ်မှာ သွားရောက်နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က လေပြင်းတိုက်ခတ်တာကြောင့် သာပေါင်းမြို့နယ် ဘုရားနီကျေးရွာနဲ့ ဇလွန်မြို့နယ် တောင်ပို့တစ်ရာကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာအုပ်စုတို့မှာ လူနေအိမ် ၁၀၀ ကျော် ပြိုကျပျက်စီးခဲ့ပါသေးတယ်။