စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အစပ်မှာ အောက်တိုဘာ ၁၃ ရက်နေ့ ညနေက စစ်ကောင်စီစစ်ကြောင်းအား မိုင်းစစ်ဆင်ရေးပြုလုပ်နေစဉ် မိုင်းမတော်တဆမှုဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ကသစ်ကုန်းရွာဘက်ကနေ လာမယ့် စစ်ကြောင်းကို မိုင်းထောင်ရာမှာ မတော်တဆဖြစ်ပြီး ဆုံးသွားတာလို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက DVB ကိုပြောပါတယ်။
ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က အသက် ၂၀ ကျော်အရွယ် မန္တလေးကဖြစ်ပြီး ဒဏ်ရာ ရရှိတဲ့သူက ၂၇ နှစ်အရွယ် ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁ က ဖြစ်တယ်လို့ ဆိုပါတယ်။
ကောလင်းတောင်ပိုင်း ကသစ်ကုန်းကနေ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ ၁ ဖွဲ့၊ ဇီးကုန်းရွာထိပ်မှာ ၁ ဖွဲ့နဲ့ အင်ပင်သာမှာ ၁ ဖွဲ့တို့ အောက်တိုဘာ ၁၂ ရက်နေ့က စတင်ကာ စစ်ကြောင်းထိုးနေတာကြောင့် အင်ပင်သာရွာနဲ့ အနီးနား ကျေးရွာကပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။