ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၁ ရပ်ကွက်၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ် ၁ တံတားအနီး အောက်တိုဘာ ၁၅ ရက် ည ၇ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ မီးမီးလေးစတိုးဆိုင်အရှေ့ဘက်မှာ ဗုံးတလုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် လမ်းဘေးမှာရပ်ထားတဲ့ မော်တော်ကား တစီး မီးလောင်သွားတယ်လို့ မျက်မြင်တွေ့တဲ့ မြို့ခံတဦးကပြောပါတယ်။
ဒါ့အပြင် အမှတ် (၄) ရပ်ကွက်၊ ငွေစင်္ကြာဟိုတယ် ၁ နဲ့ ၂ အကြား တြိဂံလမ်းထောင့်မှာလည်း ဗုံး ၁ လုံးစီပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငွေစင်္ကြာဟိုတယ်အနီးပေါက်ကွဲခဲ့တဲ့ဗုံးကြောင့် ထိခိုက်သူ ရှိမရှိသေချာမသိရသေးသလို ဘယ်အဖွဲ့လက်ချက်ဆိုတာ မသိရသေးပါဘူး။
တံတားအနီးနေထိုင်တဲ့ဒေသခံပြည်သူတစ်ဦးက "ည ၇ နာရီလောက်က ပေါက်ကွဲသံကအကျယ်ကြီးပဲ။ ကား တစီးတော့မီးလောင်သွားတယ်။ တံတားနားက မီးမီးလေးစတိုးအရှေ့ မှာပေါက်ကွဲတာ။ သွားမကြည့်ရဲဘူး။ ပေါက်ကွဲပြီးမကြာဘူး စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ရောက်လာတာတွေ့တယ်။ လူတော့ ထိခိုက်တာမကြားမိဘူး” ဆိုပါတယ်။
မြဝတီမြို့မှာ အောက်တိုဘာ ၁၅ ရက် ညနေက နေရာ ၃ နေရာလောက်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဗုံးဖောက်ခွဲသူတွေကိုတော့ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့မှာ ဧပြီ ၂၃ ရက်ညကလည်း အမှတ် ၁ ချစ်ကြည်ရေးတံတားထိပ်မှာ အပြင်းစား ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တံတားလုံခြုံရေး ၂ ယောက် ဒဏ်ရာရသွားခဲ့ကာ အနီးနားက အဆောက်အဦတွေနဲ့ မော်တော်ယာဉ်တွေ ပျက်စီးခဲ့ပါတယ်။