စစ်ကိုင်းတိုင်း မြင်းမူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲအား လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၁၄ ရက် မနက် ၁၀ နာရီက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
အဲဒီမနက်ပိုင်းက မြင်းမူမြို့က မြန်မာ့စီးပွားရေးဘဏ်ခွဲအပါဝင် စစ်ကောင်စီတပ်ဖွဲ့ ကင်းပုန်း ဝပ်နေတဲ့ နေရာတခုကိုပါ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က "အဲဒီဘဏ်မှာရှိတဲ့ကောင်တွေကို ဗုံးသီး ၁ လုံးချ တိုက်ခိုက်တယ်။ နောက်ပြီး သူတို့အဖွဲ့တွေ ကင်းပုန်းဝပ်နေတဲ့ မြို့အတွင်းက တခြားနေရာ တခုကိုပါ ဒရုန်းနဲ့ ဗုံးသီး ၁ လုံးချတယ်။ စစ်ကောင်စီတပ်ဖွဲ့ဘက်က သေဆုံးမှုရှိနိုင်တယ်ဆိုပေမယ့် အထိအခိုက်အသေပျောက် အခြေအနေ အသေးစိတ်ကို စုံစမ်းနေဆဲပဲ” လို့ ပြောပါတယ်။
မြင်းမူမြို့က မြန်မာ့စီးပွားရေးဘဏ်ခွဲမှာ လုံခြုံရေးပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၅ ယောက် ဝန်းကျင်ရှိပြီး ဘဏ်အတွင်းမှာ Jammer (အဝေးထိန်းလိုင်းဖျက်စက်) အထိုင်စက်လည်း တပ်ဆင်ထားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၈ ရက် ညကလည်း မြင်းမူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲကို စောင့်ကြပ် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးအဖွဲ့ True Fighter MMU - PDF က ၂ ကြိမ်ဗုံးခွဲပြီးတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။