Home
မြန်မာသတင်း
၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်  ၅,၀၀၀ ကျော် သေဆုံးဟု ကေအန်ယူ ထုတ်ပြန်
DVB
·
January 19, 2024
KNU 1912024

၂၀၂၃ ခုနှစ်အတွင်း ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေတွေမှာ တိုက်ပွဲနဲ့ တိုက်ခိုက်မှုပေါင်း ၄,၆၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၅,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကေအန်ယူ ဗဟိုက ထုတ်ပြန်ပါတယ်။

တနှစ်အတွင်း ဖြစ်ခဲ့တာတွေကို စုစည်းထုတ်ပြန်လာတာဖြစ်ပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၉၅ ယောက် သေဆုံး၊ ၆၆၁ ယောက် ထိခိုက်ဒဏ်ရာရကာ ၁၉၇ ယောက် ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေတွေကို ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ ဦးဆောင်မှုအောက်က တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေအကြား စခန်းသိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပျောက်ကြားတိုက်ပွဲစတဲ့ တိုက်ပွဲကြီးတိုက်ပွဲငယ်တွေနဲ့  ဒရုန်းစစ်ဆင်ရေး စုစုပေါင်း ၄,၆၂၃ ကြိမ်ထက် မနည်းဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အရာရှိအရာခံအပါအဝင် တပ်သား စုစုပေါင်း ၅,၀၀၅ ယောက် သေဆုံးပြီး ၃,၃၄၅ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ K.N.L.A၊ K.N.D.O နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၁၅၄ ယောက် ကျဆုံးခဲ့ပြီး ၅၉၇ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်အာဏာသိမ်းချိန်ကနေ အခုအချိန်အထိ ကော်သူးလေအုပ်ချုပ် နယ်မြေထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၇၅၁,၆၆၉ ယောက် အထိ ရှိလာပြီလို့လည်း ဆိုပါတယ်။

၂၀၂၃ ခုနှစ်ထဲမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း စုစည်းထုတ်ပြန်ထားပြီး စစ်တပ်ဟာ နယ်မြေထိန်းချုပ်နိုင်ရေးအတွက် လူ့အခွင့် အရေးချိုးဖောက်မှု အမျိုးအစား ၁၈ မျိုး ထက်မနည်း ကျူးလွန်ခဲ့တာကို ကေအန်ယူ သတင်းနဲ့ ပြန်ကြားရေးဗဟိုရဲ့ မှတ်တမ်းအချက်အလက်တွေအရ သိရတယ်လို့ ဆိုပါတယ်။

စစ်တပ်က ပြည်သူလူထုကို လေကြောင်းက တိုက်ခိုက်တာ ၇၉၁ ကြိမ်၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ၂,၀၇၅ ကြိမ်၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာ ၄ ကြိမ်၊ သေနတ်နဲ့ အကြောင်းမဲ့ ပစ်ခတ်တာ ၂၆ ကြိမ်၊ ပြည်သူတွေ အသုံးပြုတဲ့ လမ်းတွေမှာ မိုင်းထောင်တာ အကြိမ် ၄၀ ရှိခဲ့ပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေကို ပေါ်တာဆွဲတာ ၂ ကြိမ်၊ ပြည်သူတွေကို ဖမ်းဆီးတာနဲ့ ဖမ်းဆီးသတ်ဖြတ်တာ ၅၅ ကြိမ်၊ ညှင်းပန်းနှိပ်စက်တာ ၁၄ ကြိမ်၊ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်တာ ၃ ကြိမ်၊ ပြည်သူပိုင် ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာ ၅၆ ကြိမ်နဲ့ ပြည်သူပိုင် အိမ်တွေကို ဖျက်ဆီးတာ ၄ ကြိမ်၊ နေအိမ်တွေကို မွှေနှောက်ဖျက်ဆီးပြီး လိုချင်တာတွေကို ယူသွားတာ ၃ ကြိမ်၊ ပစ္စည်းတွေ အတင်းအဓမ္မ ယူဆောင်တာ ၂၇ ကြိမ်၊ အတင်းအဓမ္ခခိုင်းစေတာ ၈ ကြိမ်၊ အတင်းအဓမ္မ ရွှေ့ပြောင်းစေတာ ၁ ကြိမ်၊ ငွေတောင်းခံတာ ၅ ကြိမ်၊ ဖမ်းဆီးငွေတောင်းတာက ၅ ကြိမ်နဲ့ခြိမ်းခြောက်တာ ၆ ကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကျူးလွန်မှုတွေကြောင့် ဘုရားကျောင်း ၁၈ ကျောင်း၊ ဘုန်းကြီးကျောင်း ၂၅ ကျောင်း၊ ဗလီ ၁ လုံး၊ စာသင်ကျောင်း ၁၆ ကျောင်း၊ ဆေးပေးခန်း ၂ လုံး၊ ဆေးရုံ ၅ လုံး၊ ပြည်သူပိုင်အဆောက်အဦ ၉၁ လုံး၊ စိုက်ပျိုးခြံ ၁၁ ခြံနဲ့ အိမ် ၁,၈၆၉ လုံး ထက်မနည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒီအချက်အလက်တွေဟာ ကောက်ခံရရှိတာတွေပဲဖြစ်ပြီး ကောက်ခံလို့ မရတဲ့ အချက်တွေလည်း ရှိနေနိုင်တာကြောင့် အမှန်တကယ် ထိခိုက်ပျက်စီးဆုံးရှံးတာတွေဟာ ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါအျက်အလက် အရေအတွက်တွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024