ဒေသခံ ကရင်တိုင်းရင်းသားပြည်သူတွေ အကောင်အထည်ဖော်လုပ်ကိုင်နေတဲ့ ဟက်တာ ၅၅၀,၀၀၀ နီးပါးကျယ်ပြန့်တဲ့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ဖွဲ့စည်းတည်ထောင်ခဲ့တာ ၅ နှစ်ပြည့်ပြီးနောက် ဖြစ်ထွန်းတိုးတက်မှုတွေနဲ့ ပတ်သက်လို့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဒု-ဥက္ကဋ္ဌ စောကလိုထူးကို ဒီဗွီဘီ အကြီးတန်းသတင်းထောက် နော်နိုရင်းက မေးမြန်းထားပါတယ်။
(အပြည့်အစုံ)
မေး - သံလွင်ငြိမ်းချမ်းရေးဥယျာဉ် စတင်တည်ထောင်ခဲ့တာ အခုဆိုရင် ၅ နှစ်ရှိပြီဆိုတော့ အဲဒီမှာ ဘာတွေ ဖြစ်ထွန်းတိုးတက်မှုရှိလဲ။ ရေမြေတောတောင်တွေ ဘယ်လိုပြောင်းလဲသွားလဲ။ အဲဒါကို အရင်ဆုံးပြောပြပေးပါလား။
ဖြေ - “အမှန် ကျနော်တို့ စတင်တည်ထောင်တာကတော့ ဟိုး ၂၀၁၆ ခုနှစ်ကတည်းက စတင်တည်ထောင်တယ်။ အခုနပြောသလို ဒုတိယအကြိမ် အုပ်ချုပ်ရေးကော်မတီအဖွဲ့ကို ရွေးကောက်တင်မြှောက်ပြီးတော့ အခုညီလာခံကလည်း ပဉ္စမအကြိမ်ပေါ့။ ဒီပဉ္စမအကြိမ် ညီလာခံကို ကျင်းပပြီးစီးခဲ့တာ ဖြစ်ပါတယ်။ အခုက မေးသလို ကျနော်တို့ ဖြစ်ပျက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ကျနော်တို့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ရဲ့ ဖြစ်စဉ်ကို ပြောရမယ်ဆိုရင် ပထမဦးစွာ ကျနော်တို့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ရဲ့ အဓိက ရည်ရွယ်ချက် ၃ ခုကို အခြေခံပြီးတော့ ပြောရမှာဖြစ်ပါတယ်။ ပထမအချက်ကတော့ ကျနော်တို့ရဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေါ့နော်။ ဒုတိယအချက်ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ပတ်သက်တာ။ တတိယအချက်ကတော့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ပြန်ဖော်ဆောင်ရှင်သန်ဖို့ပေါ့နော်။ ဒီအချက် ၃ ချက်ပေါ် မူတည်ပြီး ပြောရမှာ ဖြစ်ပါတယ်။”
“ပထမအချက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တကယ့် ကျနော်တို့လိုချင်တဲ့ ကရင်လူမျိုးတွေရဲ့ စစ်မှန်တဲ့၊ ငြိမ်းချမ်းတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျနော်တို့ အစဉ်တစိုက် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ မူတြော်ခရိုင်မှာရှိနေတဲ့ ဌာနေလူထုတွေ အပါအဝင်ပေါ့နော်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ လူထုတွေ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ရဲ့ ရည်ရွယ်ချက်ထဲမှာ အချက်အလက်တခုကို ပါဝင်ထည့်သွင်းတာ ဖြစ်ပါတယ်။ နောက်တခုကတော့ ကျနော်တို့ခရိုင်အတွင်းမှာရှိနေတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အပိုင်းမှာပေါ့နော်။ တိုးတက်ဖြစ်ထွန်းမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ပြောချင်တာက စကစရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ကြားထဲမှာမှ ကျနော်တို့ခရိုင်အတွင်းမှာ ရှိနေတဲ့ လုပ်နိုင်တဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားတာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျနော်တို့ သံလွင်ငြိမ်းချမ်းရေးရဲ့ ကော်မတီအဖွဲ့ထဲမှာ ကျနော်တို့ ကေအန်ယူရဲ့ သစ်တောအဖွဲ့နဲ့ ဝိုင်းဝန်းဆောင်ရွက်ပြီးတော့ သဘာဝထိန်းသိမ်းမှုအပိုင်းမှာ ကျနော်တို့ ဆက်လက်လုပ်ကိုင် ဆောင်ရွက်တာရှိတယ်။”
“ဥပမာပြောရမယ်ဆိုရင် တနှစ်တခါ သစ်ပင်တွေ ပြန်လည်စိုက်ပျိုးတာတို့၊ ပြီးတော့ မြစ်ဖျား၊ ချောင်းဖျားတွေကို ပြန်လည်ထိန်းသိမ်းတာတို့၊ ဌာနေပြည်သူလူထုတွေကို အသိပညာပေးမှုတွေပေါ့နော်။ သင်တန်းတွေ၊ အသိပညာပေးမှုတွေ ဆောင်ရွက်ခဲ့တာ ရှိပါတယ်။ ပြီးတော့ လက်ရှိ ကျနော်တို့ ခရိုင်အတွင်းမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်၊ ဇီဝမျိုးစိတ်တွေ အပါအဝင်ပေါ့နော် ကျနော်တို့ ဆောင်ရွက်ခဲ့တာတွေရှိတယ်။ ဥပမာ ကျနော်တို့ ဘေးမဲ့တောတွေကို ပြန်လည်ပြီးတော့ ထူထောင်တာရှိတာပေါ့နော်။ လက်ရှိ ရှိနေတဲ့ တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင် မပျက်မသုဉ်းအောင်၊ ဒီထက်ပိုပြီးတော့ မပျက်စီးအောင် ကျနော်တို့ ပြည်သူလူထုနဲ့အတူ ပူးပေါင်းပြီးတော့ ပညာပေးမှုတွေနဲ့ နှစ်စဉ် ဇူလိုင်လ ၁ ရက်နေ့မှာ ကျနော်တို့ သစ်ပင်စိုက်နေ့ ဆိုပြီးတော့ အစီအစဉ်တွေကို ကျနော်တို့ ဆောင်ရွက်တာတွေ ရှိပါတယ်။”
“ပြီးတော့ အခုန တတိယအချက်အနေနဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းမှာ ကရင့်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းတဲ့အပိုင်းမှာလည်း ကျနော်တို့ ဌာနေလူထုတွေနဲ့ ရပ်မိရပ်ဖတွေ၊ သက်ကြီးရွယ်အိုတွေ၊ အဲဒီလို ရိုးရာယဉ်ကျေးမှုတွေ ထိန်းသိမ်းရမယ့် အပိုင်းမှာ၊ တချို့ ယဉ်ကျေးမှုအမွေအနှစ်တွေ ပျောက်ကွယ်သွားတာရှိသလို လက်ရှိ ရှိနေသေးတဲ့ ကျနော်တို့ရဲ့ ကရင့်ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ပြန်လည်ထိန်းသိမ်းဖို့၊ ပြီးတော့ ပျောက်ကွယ်သွားတဲ့ တချို့ယဉ်ကျေးမှုတွေ ပြန်လည်ဖော်ဆောင်ဖို့ အရပ်ဘက်လူကြီးတွေနဲ့ တိုင်ပင်ပြီး ဒီထက်မက ပိုပြီး ယဉ်ကျေးမှုအပိုင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ကျနော်တို့ တိုင်ပင်ဆွေးနွေးတာရှိတယ်။”
မေး - အခုန ဆရာပြောသလို သစ်တောတွေ၊ ရေမြေတွေ ပြန်လည်ထူထောင်မှုတွေ လုပ်ဆောင်တယ်၊ ဘေးမဲ့တောတွေကို ဖော်ဆောင်တာတွေ လုပ်တယ်ပေါ့နော်။ ဒီ ၅ နှစ်အတွင်းမှာ ဘာတွေ ဖြစ်ထွန်းတိုးတက်မှုတွေ ရှိခဲ့လဲ၊ ဘာတွေပြောင်းလဲသွားခဲ့လဲ။
ဖြေ - “ဘေးမဲ့တောတွေကို ပြန်လည်ထူထောင်တာကတော့ ဟို ၂၀၁၂ ခုကတည်းပေါ့နော်။ တိုးတက်မှုအနေနဲ့ ပထမဦးစွာ Survey အနေနဲ့ တောထဲမှာရှိတဲ့ သားရဲတိရစ္ဆာန်တွေရဲ့ အနေအထား၊ သွားလာနေထိုင်မှု၊ တိရစ္ဆာန်တွေရဲ့ အရေအတွက် ဘယ်လောက်ရှိလဲ၊ တိရစ္ဆာန်တွေရဲ့ မျိုးစိတ် ဘယ်လောက်ရှိလဲဆိုတဲ့ အပိုင်းကို ကျနော်တို့ ကင်မရာနဲ့ Survey လုပ်ပြီးတော့ လေ့လာမှုမှတ်တမ်းတွေ လုပ်ခဲ့တယ်။ လက်ရှိမှာလည်း ကျနော်တို့ အဲဒီလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ အတိအကျ သိရှိတဲ့အထိတော့ မရှိသေးဘူး။ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်တာပေါ့နော်။ တိုးတက်မှုအပိုင်း အနေနဲ့ ကျနော်တို့ထူထောင်တဲ့ ဘေးမဲ့တော ဧရိယာတွေမှာ ကျနော်တို့ သားရဲတိရစ္ဆာန်တွေရဲ့ မျိုးစိတ်တွေ တော်တော်များများ ရှိနေသေးတာကို ကျနော်တို့ တွေ့ရတယ်။ ပြီးတော့ ပျောက်ကွယ်လုနီးပါး အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ ပျောက်ကွယ်လုနီးပါး သားရဲတိရစ္ဆာန်တွေရဲ့ မျိုးစိတ်တွေလည်း ကျနော်တို့ထူထောင်တဲ့ ဘေးမဲ့တောအတွင်းမှာ ရှိနေသေးတာကိုလည်း ကျနော်တို့ တွေ့နေရတာပေါ့နော်။ ဒါကြောင့်မို့လို့ ကျနော်တို့ ဆက်လက်ပြီးတော့ ဒီထက်မကပိုပြီး Survey တွေ လုပ်ရဦးမယ်ဆိုတာ ပြောလိုပါတယ်။”
မေး - သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို အရင်က ဒီမိုကရေစီတပိုင်း အစိုးရလက်ထက်က စခဲ့တာဖြစ်တယ်။ အခု စစ်အာဏာသိမ်းတဲ့ စစ်ကောင်စီလက်ထက်နဲ့ဆိုရင် ၃ နှစ်လောက် ရှိပြီပေါ့နော်။ ဆိုတော့ အရင်တုန်းက အစိုးရလက်ထက်နဲ့ အခု စစ်အာဏာသိမ်းပြီး နောက်ပိုင်း လုပ်ဆောင်ချက်တွေ ဘာတွေ ကွာဟမှုတွေ ရှိသွားလဲ၊ ဘယ်လိုပြောင်းလဲမှုတွေ ရှိသွားလဲ။
ဖြေ - “၂၀၁၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်းမှာ ကျနော်တို့ လုပ်ဆောင်ခဲ့သလို ကျနော်တို့ ၂၀၂၁ ခု အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ကျနော်တို့ ရပ်တန့်သွားတာ မဟုတ်ပါဘူး။ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားတာ ရှိပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိနေတဲ့ကြားက ကျနော်တို့လည်း တတ်နိုင်သလောက်၊ အခွင့်အရေးပေးသလောက် ကျနော်တို့လုပ်ငန်းတွေ ရပ်တန့်သွားတာ မဟုတ်ဘူး။ ဆက်လက်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမဲ့ အခုနကပြောသလို ဒီလို စစ်ရေးအခြေအနေတွေကြောင့် ကျနော်တို့နယ်မြေအတွင်းမှာ ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေကြောင့် လုပ်ငန်းထိခိုက်မှု၊ ကြန့်ကြာမှု အနှောင့်အယှက်တွေတော့ အနည်းအပါးတော့ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ ရပ်တန့်သွားတာတော့ မဟုတ်ပါဘူး၊ ဆက်လက်ပြီးတော့ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ အခုလည်း လက်ရှိအခြေအနေမှာ ကျနော်တို့ တတ်နိုင်သလောက် ဆက်လက်ဆောင်ရွက်သွားနေဆဲ ဖြစ်ပါတယ်ဆိုတာ ကျနော် ပြောချင်ပါတယ်။”
မေး - နောက်တခုက ဒီ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဟာဆိုရင် ဒေသခံတွေက သူတို့ကိုယ်တိုင်ပဲ ကိုယ်ပိုင်စီမံအုပ်ချုပ်တာ ရှိတယ်၊ ဒီကွန်မြူနတီကပဲ စီမံအုပ်ချုပ်တဲ့ အပေါ်မှာ စစ်ကောင်စီကို ဘယ်လိုသက်ရောက်မှုတွေရှိလဲ။
ဖြေ - “ဒေသခံတွေအနေနဲ့ အားရကျေနပ်မှုတွေ ရှိတာကို ကျနော်တို့ တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့လုပ်ခဲ့တဲ့ တနှစ်တခါ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ရဲ့ ညီလာခံမှာ ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ ဒေသအတွင်းမှာရှိတဲ့ ကျနော်တို့ရဲ့ ဌာနေ ပြည်သူလူထုတွေရဲ့ စိတ်အားထက်သန်မှုကို ကျနော်တို့ မြင်တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ညီလာခံလုပ်တဲ့ အချိန်တိုင်းမှာ သူတို့အနေနဲ့ အားတက်သရော ပါဝင်ပြီးတော့ ရပ်နီးရပ်ဝေးက ပြည်သူလူထုတွေ စုပြီး လာရောက်ပြီးတော့ ကျနော်တို့ရဲ့ညီလာခံကို အင်အားအရေအတွက် များများနဲ့ လာရောက်ပြီးတော့ အားပေးတိုင်ပင် ဆွေးနွေးကြတာကို ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ခရိုင်အတွင်းမှာရှိတဲ့ ပြည်သူလူထု ဌာနေတိုင်းရင်းသားတွေရဲ့ စိတ်အားထက်သန်မှု၊ ကျေနပ်မှုတွေကို ကျနော်တို့ မြင်နေရတာပေါ့နော်။ ပြီးတော့ ကျနော်တို့ ဌာနေတိုင်းရင်းသားတွေ မကဘူး၊ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ရဲ့ စီမံအုပ်ချုပ်မှုကော်မတီ အတွင်းမှာ အုပ်စု ၃ စု အခြေခံပြီးတော့ ဖွဲ့စည်းတာ ရှိတာပေါ့နော်။ ဌာနေတိုင်းရင်းသား အုပ်စုတစု၊ ကေအန်ယူ တာဝန်ရှိသူ ခေါင်းဆောင်တွေက တစု၊ CBO, CSO တို့ရဲ့ ကိုယ်စားပြုမှုကတစု အဲလို ကျနော်တို့ ဖွဲ့စည်းတာ ရှိပါတယ်။”
မေး - နောက်ထပ် ၃ နှစ်မှာ ဘာတွေ ပြင်ဆင်ထားလဲ၊ နောက် အဓိက ဘယ်လိုစိန်ခေါ်မှုကို ရင်ဆိုင်ရလဲ။ နောက်ထပ်သုံးနှစ်ရဲ့ စီမံချက် ဘာရှိလဲ။
ဖြေ - “ကျနော်တို့ နောက်ထပ် ၃ နှစ်အနေနဲ့ စီမံချက်ချထားတာကတော့ အဓိက ခေါင်းစဉ် ၆ ခုရှိတယ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့နော်။ အဲဒီ ၆ ခုက ပထမတခုက ပဋိပက္ခ ဖြေရှင်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးပေါ့နော်။ ဒုတိယက သဘာဝအရင်းအမြစ်နဲ့ ဇီဝမျိုးကွဲ ထိန်းသိမ်းရေးပေါ့နော်။ တတိယအချက်က ကျနော်တို့ရဲ့ အခြေခံအဆောက်အဦ၊ စီးပွားရေး၊ အသက်မွေးဝမ်းကျောင်း စုပေါင်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အပိုင်းမှာပေါ့နော်။ နောက် နံပါတ်လေးအချက်က မြေယာနဲ့ သဘာဝအရင်းအမြစ် စီမံခန့်ခွဲရေး၊ နောက် ကျနော်တို့ရဲ့ ရိုးရာယဉ်ကျေးမှု ပြန်လည်ရှင်သန်ရေးပေါ့နော်။ နောက် ၆ ကတော့ ငြိမ်းချမ်းရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ရှေ့လုပ်ငန်းစဉ် ၆ ခုပေါ်မှာ မူတည်ပြီး ကျနော်တို့ ရှေ့လုပ်ငန်းစဉ်တွေ ချထားတာရှိပါတယ်။”
မေး - နောက်ဆုံး ဆရာ့အနေနဲ့ တခြားပြောချင်တာ ဘာရှိဦးမလဲ။ ဒီသံလွင်ငြိမ်းချမ်းနဲ့ ပတ်သက်ပြီး လူထုကို ဘာတွေပြောချင်တာရှိမလဲ။
ဖြေ - “ကျနော်တို့ ပြည်သူလူထုအနေနဲ့ ကျနော်တို့ တည်ထောင်ခဲ့တဲ့ သံလွင်ငြိမ်းချမ်ရေး ဥယျာဉ်ကို လက်ရှိအချိန်မှာ ဘယ်လိုအခက်အခဲနဲ့ပဲ ကြုံတွေ့ရ၊ ကြုံရ၊ ဘယ်လို နိုင်ငံရေး အခြေအနေ အကြောင်းပဲ ကြုံရကြုံရ ပိုပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့၊ ကရင်ပြည်နယ် အတွင်းမှာရှိတဲ့ ကျနော်တို့ ဌာနေတိုင်းရင်းသားတွေက ပြည်တွင်းပြည်ပမှာရှိတဲ့ လူမှုအဖွဲ့အစည်း၊ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးဥယျာဉ်ကို အားပေးကူညီချင်တဲ့ အဖွဲ့အစည်းတွေ၊ ကျနော်ပြောချင်တာက ကျနော်တို့ ကရင်လူမျိုးများရဲ့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ရဲ့ ချမှတ်ထားတဲ့ အထက်ပါပြောခဲ့တဲ့ ပန်းတိုင် ၃ ခုကို ရည်မှန်းထားတဲ့ ပန်းတိုင်ပြည့်အောင် ဝိုင်းဝန်းကူညီကြပါ၊ ပူးပေါင်းဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်။”