ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ အောက်တိုဘာလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ကုလားတန်မြစ်အတွင်း သွားလာနေတဲ့ စက်လှေတွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောရွာ အထက်က ကုလားတန်မြစ်ထဲမှာ မနေ့က ဒီနေ့ ဒေသခံပြည်သူတွေရဲ့ စက်လှေတွေကို စစ်တပ်က ဖိုက်ဘာစက်လှေ တစီးနဲ့ လိုက်လံဖမ်းဆီးနေတာ ဖြစ်ပြီး စက်လှေတစီးကို ဖမ်းခေါ်သွားတာ မြင်လိုက်ရတယ်လို့ ခမောင်းတောရွာ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ လူသုံးကုန်ပစ္စည်းတွေ တင်ဆောင်တဲ့ စက်လှေတွေကိုလည်း ဆက်တိုက်လိုက်လံဖမ်းဆီးနေလို့ ဒေသခံတွေရဲ့ စားဝတ်နေရေးဟာ စိုးရိမ်စရာအခြေအနေကို ရောက်ရှိနေပြီး မြစ်ချောင်းတွေထဲမှာ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းလုပ်နေရတဲ့ ပြည်သူတွေလည်း ဒုက္ခရောက်နေကြရတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “ဒီလုပ်ရပ်ကတော့ နိုင်ငံတကာစစ်ရာဇဝတ်မှုမြောက်ပြီး လူ့အခွင့်အရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက်တာပါ။ အပြစ်မဲ့ ပြည်သူတွေကို ငတ်သေအောင်၊ နာမကျန်းဖြစ်နေတဲ့ ပြည်သူတွေကို ဆေးဝါးပြတ်တောက်ပြီး သေအောင် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေကြတာ”လို့ ပြောပါတယ်။
စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို အစပ်က မင်းချောင်းတံတားအောက်မှာလည်း အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းက ခရီးသွားစက်လှေ ၉ စီးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။