ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၅ ရပ်ကွက်၊ ယောက်ကော်ပန်းခြံရှေ့မှာ အောက်တိုဘာ ၁၄ ရက် ဒီနေ့မနက်က ကင်းလှည့်လာတဲ့ စစ်ကားတစီးကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ Giant Guard Underground အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီကနေ့မနက် ၇ နာရီခွဲက ယောက်ကော်ပန်းခြံရှေ့မှာ ကင်းလှည့်လာတဲ့ စစ်ကားတစီး ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်သားနှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်ကလည်း ပြောပါတယ်။
“စစ်ကားလာတဲ့အချိန် ကားအောက်မှာ ဗုံးပေါက်သွားတာ။ နောက်မှသိတာ စစ်သားနှစ်ဦး ဒဏ်ရာရတယ်။ မင်္ဂလာဒုံစစ်ဆေးရုံမှာ တင်ထားတယ်။”
စစ်ကားဗုံးပေါက်ကွဲပြီးနောက် ဒဏ်ရာရရှိသူတွေကို ကားပေါ်မှာတင်ထားကာ အနီးတဝိုက်က လမ်းသွားလမ်းလာနဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်က စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“အလုပ်သွားဖို့ ထွက်လာတဲ့သူတောင် စစ်တာ။ ဆိုင်ကယ်တွေလည်း စစ်တယ်။ နာရီဝက်လောက်ကြာမှ ပြန်ထွက်သွားတာ။”
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ အောက်တိုဘာ ၁ ရက်မှ ၁၃ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်မှု ၁၈ ကြိမ်ဖြစ်ခဲ့ပြီး ၃ ယောက်သေဆုံးကာ ၁၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။