ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ အောက်တိုဘာ ၉ ရက်က ရေထဲခုန်ချသွားတဲ့ အမျိုးသမီး တယောက်ကို ၃ ရက်ကြာတဲ့အထိ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာမတွေ့သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အောင်ဆန်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးဟာ ချစ်သူနဲ့အတူ ဘုရားပွဲလည်ပတ်ဖို့ ချိန်းထားရာကနေ ချစ်သူဖြစ်သူ ရောက်မလာလို့ တံတားပေါ်က ခုန်ချသွားတာလို့ ဒေသခံကပြောပါတယ်။
“လပြည့်ညက ခုန်ချသွားတာ၊ ဒီနေ့အထိ ပြန်မတွေ့သေးဘူး။ အဖော်ပါလာတဲ့ ကလေးမလေး ပြောတာတော့ ကောင်လေးနဲ့ချိန်းထားတာ ကောင်လေးမလာလို့ စိတ်ညစ်ပြီး ခုန်ချသွားတာပြောတယ်။”
တံတားပေါ်ကနေ ရေထဲခုန်ချသွားတဲ့ အမျိုးသမီးနဲ့အတူ အဖော်ပါလာတဲ့ မိန်းကလေးကိုလည်း စစ်ကောင်စီတပ်သားတွေက ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
တံတားပေါ်က ခုန်ချသွားတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို ပြန်လည်ရရှိဖို့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။
ငါးသိုင်းချောင်းမြို့မှာ စက်တင်ဘာ ၃ ရက်ကလည်း အမျိုးသားတယောက် တံတားပေါ်က ခုန်ချမှု ဖြစ်ပွားခဲ့ပါတယ်။