လာမယ့် ၂၀၂၃ နွေစပါးရာသီမှာ စစ်ကောင်စီက ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် ရည်ရွယ်ပြီး အကျိုးတူလယ်ယာစနစ်ကို ဆောင်ရွက်သွားဖို့အတွက် ကျပ်ငွေဘီလီယံ ၁၄၀ ကို အသုံးပြုသွားမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက် မနက်ကကျင်းပတဲ့ မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။
နွေစပါးစိုက်ဧက ၈ သိန်းခွဲအတွက် တဧကကို သွင်းအားစုဝယ်ယူနိုင်အောင် ကျပ် ၂ သိန်းနှုန်း ထောက်ပံ့သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီငွေပမာဏက လက်ရှိမြန်မာပြည်တွင်း ငွေကြေးဖောင်းပွ ကျပ်ငွေတန်ဖိုးထိုးကျနေမှုကြောင့် ပြည်ပကတင်သွင်းရတဲ့ သွင်းအားစုစရိတ်တွေ ကြီးမြင့်နေတဲ့အချိန်အခါမျိုးမှာ မျိုးစပါးအပြင် ဓာတ်မြေသြဇာ ပိုသုံးရတဲ့ နွေစပါးအတွက် ဓာတ်မြေသြဇာဝယ်ယူဖို့တောင် လုံလောက်နိုင်မှာ မဟုတ်ပါဘူး။
စစ်ကောင်စီ ဆောင်ရွက်သွားမယ့် အကျိုးတူလယ်ယာစနစ်က မိရိုးဖလာ စက်ပိုင်နဲ့ လယ်သမားတွေ ပူးပေါင်းဆောင်ရွက်တဲ့ လိုအပ်တဲ့ ငွေကြေးကအစ သွင်းအားစုတွေကို ကြိုတင်ထုတ်ပေးတဲ့ စနစ်ထက်ပိုပြီး ကောင်းမွန်မှသာ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် ထူးခြားတဲ့ အပြောင်းအလဲတခု ဖြစ်လာမယ်လို့ ဆန်စပါးလုပ်ငန်း ကျွမ်းကျင်သူတဦးက သုံးသပ်ပြောပါတယ်။
“ဆရာကတော့ မြင်တာကလေ ခေတ်အဆက်ဆက်က ဒီကိစ္စတွေက ဒီလိုတွေနဲ့ပဲ ပြီးပြီးသွားတာ။ အမှန်မှန်က သူတို့ကတော့ Quick Win ပေါ့နော်။ သူက အရှိန်နဲ့တက်အောင် လုပ်တာပေါ့။ ဆရာကတော့ Keep Safe က ပိုပြီးတော့လည်း စဉ်းစားရမယ့်အချက်ပဲ။ သူတို့ကတော့ အထွက်တိုးဖို့အတွက်ပဲ ခေတ်အဆက်ဆက်က ထွက်တဲ့ Agriculture at a Glance ပေါ့။ စိုက်မွေးဆည်ကနေထွက်တဲ့ စာအုပ်ကလေးတွေ ကြည့်လိုက်၊ အခုဆိုရင် ဆယ်နှစ်ကျော်က Trandline ကို ကြည့်လိုက်ရင် သိပ်မကွာဘူး။ ၂၇ သန်း၊ ၂၈ သန်းလောက်ပဲ။ တန်ချိန်က အဲဒီလောက်ပဲရှိတယ်။ အခုက အဲဒါကို Jump လုပ်ဖို့ဆိုတာ Contract farming (ကန်ထရိုက်လယ်ယာစနစ်) တခု တနည်းနဲ့ ပိုက်ဆံပေးလိုက်ရုံနဲ့ ဆရာတော့ ရမယ်မထင်။ ဘာလို့လဲဆိုတော့ ဒီ Contract farming က အစဉ်အဆက်က Informal Contract တွေလည်း ရှိတာပဲ။ contract ဆိုတာ စက်ပိုင်တွေက သွင်းအားစုတွေလိုရင် ထုတ်ပေးရတာပဲလေ။ သူတို့ အခုလုပ်နေတာ အဲဒီအဆင့်လောက်ပဲ ရှိတာပဲလေ။”
စစ်ကောင်စီကတော့ အကျိုးတူလယ်ယာစနစ် ဖော်ဆောင်ဖို့အတွက် လယ်သမားတွေက မျိုးစပါးနဲ့ ဓာတ်မြေသြဇာတွေ လိုလာရင် အဲဒီကုန်ပစ္စည်းတွေကို ရောင်းချတဲ့ ကုမ္ပဏီတွေဆီက ဝယ်ယူပြီး လယ်သမားတွေကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ဆန်စပါးစိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းမှာ အရင်းအနှီးနည်းပါးတဲ့ တောင်သူတွေက ဆန်စက်ပိုင်ရှင်တွေဆီကနေ ရင်းနှီးစိုက်ပျိုးစရိတ်ကအစ မျိုး၊ မြေသြဇာ၊ ပိုးသတ်ဆေး စတာတွေကို စိုက်ပျိုးရာသီအစမှာ ကြိုတင်ထုတ်ယူကြပြီး စပါးပေါ်ချိန်မှာ ပြန်လည်ပေးဆပ်ကြပါတယ်။ ဒီစနစ်က စပါးစိုက်ပျိုးရာ ဒေသအသီးသီးမှာ စက်ပိုင်တွေဆီကနေ ကြိုတင်ထုတ်ယူကြတဲ့ သွင်းအားစုက အနည်းအများ မတူတာတွေရှိပေမဲ့ တောင်သူတွေက အနည်းနဲ့အများ ကြိုတင်ထုတ်ယူ သုံးစွဲကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့အမျှ ဒေါ်လာဈေးနှုန်း မြင့်တက်လာတာကြောင့် ပြည်ပကတင်သွင်းရတဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးလို စိုက်ပျိုးရေးသွင်းအားစုတွေဟာအဆမတန် ဈေးနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။
စပါးစျေးကျဆင်းလာတာကြောင့် အခုနှစ် မိုးစပါးရာသီရိတ်သိမ်းချိန်မှာ အရှုံးပေါ်မှာကို စိုက်ပျိုးတောင်သူတွေ စိုးရိမ်နေကြပါတယ်။
သွင်းအားစုတွေ အဆမတန်ဈေးမြင့်တက်လာသလို ပြည်တွင်းမှာ ဆန်ဈေးနှုန်းလည်း ကြီးမြင့်နေပေမဲ့ စပါးစျေးတွေကတော့ မိုးစပါးမပေါ်ခင်က စပါးတင်း ၁၀၀ ကို ၁၀ သိန်းကျော်၊ ၁၄ သိန်းဝန်းကျင်အထိ စျေးပေါက်ခဲ့ပေမဲ့ အခုအခါ ကျပ် ၉ သိန်းဝန်းကျင်ထိ ကျဆင်းနေပါတယ်။
တဖက်မှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကိုစစ်ကြောင်းထိုး ဝင်ရောက်နေအိမ်တွေကို မီးရှို့ဖျက်ဆီး၊ ဆန်စပါးတွေနဲ့ ပြည်သူပိုင် ပစ္စည်းတွေကို လုယူနေတာကြောင့် တောင်သူလယ်သမားတွေမှာ ဆန်စပါး စိုက်ပျိုးရေးကောင်းကောင်း မလုပ်နိုင်လို့ စပါးစိုက်ဧကတွေလည်း ကျဆင်းနေပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ ကန်ထရိုက်လယ်ယာစနစ်မှာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေကို တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီစနစ်မှာ အစိုးရ၊ တောင်သူနဲ့ ကုမ္ပဏီတွေ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစနစ်မှာ တောင်သူတွေက အရည်အသွေးနဲ့ အရေအတွက် ပြည့်မီအောင် ဆောင်ရွက်ပေးဖို့ ကုမ္ပဏီတွေက စပါးကြမ်းခင်းဈေး သတ်မှတ်ပေးဖို့နဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေက နည်းပညာပေးအပ်ဖို့နဲ့ ကန်ထရိုက်လယ်ယာစနစ် အောင်မြင်ဖို့အတွက် ထိန်းကျောင်း ဆောင်ရွက်ပေးဖို့ စတာတွေကို ပြဋ္ဌာန်းထားပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ ကန်ထရိုက်လယ်ယာစနစ် မဟုတ်တော့တဲ့ အကျိုးတူလယ်ယာစနစ်မှာတော့ မျိုးစပါးနဲ့ ဓာတ်မြေသြဇာ ဝယ်ယူပေးဖို့ကလွဲလို့ စပါးကြမ်းခင်းဈေး သတ်မှတ်ပေးဖို့ကအစ စပါးပြန်လည်ဝယ်ယူရေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ ထုတ်ပြန်ထားတာတော့ မရှိပါဘူး။ ကုမ္ပဏီနဲ့ လယ်သမားတို့ ဆန်စပါးကို ပူးပေါင်းစိုက်ပျိုးကြတဲ့ အကျိုးတူလယ်ယာစနစ်မှာ စပါးကြမ်းခင်းဈေး သတ်မှတ်နိုင်ဖို့က အဓိကအနှစ်သာရ ဖြစ်ပါတယ်။
အခုလို ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစတဲ့ သွင်းအားစုဈေးတွေအပြင် အထွေထွေကုန်ဈေးနှုန်းတွေ ကြီးမြင့်နေချိန်မှာ စပါးစိုက်ပြီး မရှုံးရအောင် စပါးစစိုက်ဖို့ မြေမပြင်မီ အချိန်ကတည်းက စပါးကြမ်းခင်းဈေးကို ကြိုတင်သတ်မှတ်ပေးထားဖို့က အရေးတကြီး လိုအပ်ပါတယ်။ ဒီလို သတ်မှတ်ထားတာမရှိဘဲ ဖြစ်လာသမျှ ဈေးကွက်ပေါက်ဈေးနဲ့သာ ရောင်းချရပါက စပါးပေါ်ချိန်မှာ ဈေးကျတတ်တဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေအရ တောင်သူမှာ နစ်နာတတ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတဦးက ပြောပါတယ်။
“ကောင်းတာကတော့ ကောင်းတဲ့အနေအထား ပုံမှန်အနေအထားကတော့ ဆန်စပါးအသင်းတို့၊ ကုန်သည်တို့က သူ့ရဲ့ဈေးနဲ့ သူတို့ ဝယ်ကြပေ့ါဗျာ။ ဝယ်တဲ့အခါမှာ တခုတော့ရှိတယ်၊ ရာသီချိန်ပေါ့နော်၊ စောစောပေါ်တာ၊ ဒုတိယပေါ်တာ အဲဒီလို ပေါ်တဲ့အခါမှာ ဘယ်အချိန်လောက်မှာ ဆန်တွေဝယ်ရင်၊ စပါးတွေဝယ်ရင် ကြိတ်လိုက်တဲ့အခါမှာ ဘယ်လလောက်ဆိုရင်တော့ ဆန်က လက်ကျန်ဆန်က နည်းတယ် များတယ်ဆိုတာ သူတို့က ခန့်မှန်းတတ်တယ်။ ကုန်သည်ကလေ။ ပဲခူးအနောက်ခြမ်းဆို ဘယ်လို၊ ဧရာဝတီတိုင်းဆို ဘယ်လို၊ အဲဒီလိုတွေက သူတို့ဝယ်တဲ့အပေါ်ကို နည်းနည်းပါးပါး ၁၅ ရာခိုင်နှုန်းလောက် ဝယ်ပြီးပြီဆိုရင် လက်ကျန်ကို ခန့်မှန်းတတ်သွားတယ်။ အဲဒီအချိန် ခန့်မှန်းတဲ့အခါမှာ လက်ကျန်နည်းနေပြီဆိုရင် ဈေးက အဲဒါ တောင်သူကလည်း လက်ကျန်ခန့်မှန်းမှုကို တောင်သူကျတော့ ခန့်မှန်းခြေလုပ်တဲ့သူတွေနဲ့ ဆက်စပ်ပြီးတော့ သူကလည်း နားလည်သင့်တယ်ဗျ။ ဘာလို့ဆို တောင်သူက ရောင်းရတဲ့သူကိုးဗျ။ ရောင်းရတဲ့သူဆိုတော့ ဝယ်တဲ့သူက လက်ကျန်နည်းနေတုန်း မစို့မပို့လေး တိုးဝယ်ပြီးတော့ ကျုံးသယ်သွားတာမျိုး ဆိုလည်း တောင်သူက အရနည်းသွားမှာပေါ့နော်။ တောင်သူရော၊ ဝယ်တဲ့သူရောက သတင်းအချက်အလက် ဘက်ညီဖို့တော့ လိုတာပေါ့။ ဝယ်သူသိသလို ရောင်းသူကရော သိတဲ့ အပြန်အလှန် သတင်းအချက်အလက်ကို သိလို့ရှိရင် တယောက်နဲ့တယောက် ဈေးဆိုတဲ့အခါမှာ တယောက်နဲ့တယောက် ချိန်ခွင်ညှာ ညီတာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ ဝယ်သူဘက်က သတင်းအချက်အလက် ပိုရတယ် ဆိုရင်တော့ တောင်သူကိုတော့ နည်းနည်းလေးတော့ လှီးစားသွားမှာပေါ့ဗျာ။”
လက်ရှိမှာ ၂၀၂၃ နွေစပါးရာသီအတွက် အကျိုးတူလယ်ယာစနစ်နဲ့ လုပ်ကိုင်ဖို့ ကုမ္ပဏီ ၄၀ ကျော်က အဆိုပြုထားတယ်လို့ ဆန်ကုမ္ပဏီများ အသိုင်းအဝိုင်းက သိရပါတယ်။ လက်ရှိ ကန်ထရိုက်လယ်ယာစနစ် လုပ်ကိုင်နေဆဲ ကုမ္ပဏီတွေမှာတော့ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းလိုက်တဲ့အတွက် နောက်ဆက်တွဲ အခက်အခဲတွေကြောင့် ၂၀၂ဝ ပြည့်နှစ် မိုးစပါးရာသီကစပြီး ပြီးခဲ့တဲ့ ၂၀၂၂ နွေစပါးရာသီအထိ တောင်သူတွေဆီက ရစရာ ကြွေးကျန်တွေ ရှိနေတယ်လို့ ပဲခူးအနောက်ခြမ်းဒေသမှာ ကန်ထရိုက်လယ်ယာ လုပ်ကိုင်နေတဲ့ ဆန်စက်ပိုင်ရှင်တဦးက ပြောပါတယ်။
“လာမယ့် ဒီ ၂၀၂၂-၂၃ မိုးစပါးနဲ့ နွေစပါးရာသီအတွက် ချထားတဲ့ အခြေအနေတုန်းကလည်း ကန်ထရိုက်လယ်ယာစနစ်မှာ ကုမ္ပဏီရော စက်ပိုင်တွေရော လက်တွဲလုပ်တဲ့အခါမှာ ကုမ္ပဏီက တိုက်ရိုက် လယ်သမားကိုပေးတာလည်း ရှိတယ်။ အစ်ကိုကြီးတို့လို စက်ပိုင်ကနေ လယ်သမားနဲ့ ကန်ထရိုက်လယ်ယာ လုပ်တာတွေက တော်တော်များများ ကျန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ်တွေမှာ ပိုသိသာတာက ကိုဗစ်ဖြစ်တယ်။ ကိုဗစ်ဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေ စိုက်ပျိုးထုတ်လုပ်တဲ့အပေါ်မှာရော နောက်တခုက သူတို့ပြန်ပြီးတော့ ရုပ်သိမ်းလိုက်တဲ့အခါမှာလည်း အဆင်မပြေတော့ စက်ပိုင်တွေ ကန်ထရိုက်လယ်ယာစာချုပ်နဲ့ လုပ်ထားတာတောင်မှ အကြွေးတွေနဲ့ ကျန်နေတယ်။ ဒါ ကိုဗစ်ဖြစ်တဲ့ ၂ နှစ်လုံးပေါ့နော်။ အဲဒီနောက်မှာကျတော့ နိုင်ငံရေးအခြေအနေကြောင့် ဒီလိုအခင်းအကျင်း ဖြစ်လာပြန်တော့လည်း ကျန်တာပဲ။ ပြောချင်တာက ကန်ထရိုက်လယ်ယာစနစ်မှာ ချတဲ့မူဘောင်က သေချာစနစ်တကျ လုပ်မယ်ဆိုရင်တော့ မူဝါဒအရ အဆင်ပြေတယ်၊ ကောင်းတယ်။ ဒါပေမဲ့ ကိုဗစ်ကြောင့်ရော၊ နိုင်ငံရေးအခင်းအကျင်းကြောင့်ရော ကုမ္ပဏီနဲ့ လုပ်တဲ့ လယ်သမားရော၊ စက်ပိုင်နဲ့လုပ်တဲ့ လယ်သမားတွေရော လယ်သမားတွေဆီမှာ ကြွေးကျန်တွေ တော်တော်များများ ကျန်နေကြတယ်။ အဲဒါတွေ မရကြသေးဘူး။”
အကျိုးတူလယ်ယာစနစ်ခေါ် ကန်ထရိုက်လယ်ယာစနစ်က နည်းပညာကို စနစ်တကျ အသုံးပြုကာ စပါးအရည်အသွေးနဲ့ အထွက်နှုန်းကောင်းမွန်ဖို့ ဆောင်ရွက်ကြရပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့ကလည်း စစ်ကောင်စီ အုပ်ချုပ်တာကို လက်မခံတဲ့ နည်းပညာပေး ဝန်ထမ်းတွေ၊ အရာထမ်းတွေက CDM ပြုလုပ်ထားတဲ့အတွက် အကျိုးတူ လယ်ယာ ဆောင်ရွက်မယ့် လယ်ဧက ရှစ်သိန်းခွဲကို စိုက်ပျိုးကြမယ့် တောင်သူတွေအတွက် စိုက်ပျိုးနည်းပညာ၊ ပိုးမွှား၊ ရောဂါကာကွယ်နှိမ်နင်းနိုင်ဖို့အတွက် အချိန်အခါမီ နည်းပညာတွေ ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လယ်သမားနဲ့ အကျိုးတူ လယ်ယာဆောင်ရွက်သွားမယ့် ကုမ္ပဏီအကြား သင့်တော်တဲ့ အကျိုးအမြတ်တွေ ရရှိလာအောင် ဆန်စပါးဈေးကွက် ကောင်းမွန်အောင် တည်ဆောက်ထားဖို့လည်း အရေးကြီးပါတယ်။
လက်ရှိကာလလို ငွေလဲနှုန်းမတည်ငြိမ်တာတွေက ဆန်စပါးဈေးကွက်ကို ထိခိုက်စေပြီး အကျိုးတူလယ်ယာစနစ် ဆောင်ရွက်ရာမှာ အဓိကကျတဲ့ စပါးကြမ်းခင်းဈေး ကြိုတင်သတ်မှတ်ဖို့ကိုလည်း အခက်အခဲတွေ ဖြစ်လာစေပါတယ်။ ဈေးကွက်ကောင်းမွန်အောင် တည်ဆောက်ထားရပါတယ်။
ဒါမှသာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူနဲ့ ပြည်တွင်း၊ ပြည်ပ ဈေးကွက်တင်ပို့သူတွေပါ အကျိုးရှိစေရန် ရည်ရွယ်ထားတဲ့ စနစ်တခု ဖြစ်ပါတယ်။
ဆန်စပါးအပါအဝင် သီးနှံအစုံမှာ ဆောင်ရွက်နိုင်တဲ့ ဒီစနစ်ကို စိုက်ပျိုးစီးပွား ကျွမ်းကျင်သူတွေက မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးလာဖို့အတွက် ထွက်ပေါက်တခုအနေနဲ့ လက်ခံထားကြပေမဲ့ တကယ် လက်တွေ့မှာအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့ဆိုတာကတော့ သက်ဆိုင်သူတွေအနေနဲ့ အပြောနဲ့ အလုပ်ကိုက်ညီအောင် သက်သေပြဖို့ လိုအပ်နေပါတယ်။
စိမ့်လဲ့ကန်သာ