မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်တက်ကားဂိတ်အနီးမှာ အောက်တိုဘာ ၁၂ ရက် မနက် ၁၀ နာရီလောက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘုရားဖူးပြည်သူ ၃ ယောက် သေဆုံးကာ ၁၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။
တောင်တက်ကားဂိတ်အနီး လုံခြုံရေးယူထားတဲ့ စစ်ကောင်စီဂိတ်စခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ကားတစီးနဲ့ လာရောက်ပြီး အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီပစ်ခတ်အတွင်း နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်နီးပါးကြာ ဖြစ်ပွားခဲ့ကာ ဘုရားဖူးပြည်သူ အမျိုးသမီး ၃ ယောက် သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ ဘုရားဖူးပြည်သူ ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ အမျိုးသမီး ၃ ယောက်ဟာ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်က ဘုရာဖူးလာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ နှစ်ဖက်ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဘုရားဖူးပြည်သူတွေကို ကျိုက်ထိုမြို့နယ်ဆေးရုံ ပို့ဆောင်ထားပါတယ်။
နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၅၀ နီးပါး ရောက်ရှိလာတဲ့အတွက် ကျိုက်ထီးရိုးတောင်တက်ကားဂိတ်အနီး ပတ်ဝန်းကျင်မှာ သွားလာသူ မရှိသလောက် နည်းပါးသွားပြီး ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်တွေလည်း ယာယီ ပိတ်သိမ်းထားတယ်လို့ သိရပါတယ်။