အာဏာဖီဆန် CDM ဗိုလ်ကြီးတဦးရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေ ရုပ်ရှင်ဇာတ်လမ်းတို-“မသောက်မိသော မိုးခါးရေ” ကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ထပ်တိုးပြသတော့မယ်လို့ ကြေညာထားပါတယ်။
ဒီရုပ်ရှင်ဇာတ်လမ်းတို နိုင်ငံတကာမြို့ကြီးတွေ လှည့်လည်ပြသနေရာမှာ မူလက သြစတြေးလျနိုင်ငံအတွက် ဆစ်ဒနီမြို့မှာပဲ ပြသဖို့ရည်ရွယ်ခဲ့ပြီး အောက်တိုဘာ ၆ ရက်နေ့က ပြသခဲ့ရာမှာ ရုံပြည့်ရုံလျှံအားပေးခဲ့ကြပါတယ်။
အခုတော့ မဲလ်ဘုန်းမြို့လယ်နားက Cinema Nova (Theater 1)မှာ လာမယ့် အောက်တိုဘာ ၂၇ ရက်နေ့ကျရင် ညနေပိုင်း ၂ ချိန်ခွဲပြဖို့ ထပ်တိုးကြေညာလာတာပါ။
အင်္ဂလိပ်စာတန်းထိုး subtitle ပါဝင်တဲ့ ရုပ်ရှင်လက်မှတ်တွေကို သြစတြေးလျဒေါ်လာ ၄၀ နဲ့ https://mokharyay.floktu.com အွန်လိုင်ဝက်ဆိုက်ကတဆင့်၀ယ်ယူနိုင်ပြီး အခုချိန်ထိ လက်မှတ် ထက်ဝက်ကျော်ရောင်းကုန်နေပြီလို့ သိရပါတယ်။
ဒီရုပ်ရှင်ဇာတ်လမ်းတိုကိုတော့ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တော်လှန်နေကြတဲ့ အနုပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ ဒါရိုက်တာ ကိုပေါက်က တောတွင်းတနေရာမှာ အိုင်ဖုန်းတလုံးနဲ့သာ ရိုက်ကူးထားခဲ့တာဖြစ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေ၊ ပြည်သူတွေက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“မသောက်မိသော မိုးခါးရေ” ဇာတ်လမ်းတိုဟာ လန်ဒန်၊ တိုကျို၊ ဆစ်ဒနီမြို့တွေမှာ ပြသခဲ့တာ ရုံပြည့်အောင်မြင်ခဲ့ပြီး အမေရိကန်နိုင်ငံ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကိုမြို့၊ တောင်ကိုးရီးယားနိုင်ငံ အင်ချွန်း၊ ဂျာမနီနိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံတွေမှာ ဆက်လက်ပြသသွားဦးမယ်လို့ သိရပါတယ်။