စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မယ်သဲကြိုးကွင်းကျေးရွာမှာ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုး ဝင်ရောက် အကြမ်းဖက် မီးရှို့ခဲ့လို့ ပြည်သူလူထုတွေရဲ့ နေအိမ်အလုံး ၆၀ လောက် မီးလောင်ဆုံးရှုံးသွားပါတယ်။
အင်အား ၇၀ လောက်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ အဲ့ဒီမနက်ပိုင်းက ခင်မွန်ကျေးရွာနဲ့ အောင်ချမ်းသာကျေးရွာကို မီးရှို့အပြီး မယ်သဲကြိုးကွင်းကျေးရွာကို ဆက်လက်ဝင်ရောက် မီးရှို့ခဲ့တာလို့ သိရပါတယ်။
ဒေသခံကျေးရွာသားတယောက်က “အဲ့ဒီမနက်ကတည်းက နေ့လယ်အထိ ပတ်မီးရှို့နေတာ။ ခင်မွန်ရွာကတော့ နောက်ထပ် နေအိမ် ၁၀ လုံးလောက် ပါသွားတယ်။ အောင်ချမ်းသာရွာတော့ မသိသေးဘူး။ ရှမ်းထူးရွာဘက်က တောတိုက်တွေလည်း မီးရှို့သွားတယ်။ မယ်သဲကြိုးကွင်းက နေအိမ် ၆၀ လောက် မီးလောင်သွားပြီ။ နောက်ပြီး မယ်သဲကြိုးကွင်းနဲ့ ရှမ်းထူးရွာနားက ဒေသခံ အရပ်သားပြည်သူ ၁၅ ယောက်ကိုလည်း လူသားဒိုင်းအနေနဲ့ ဖမ်းဆီး ခေါ်ဆောင်သွားတယ်” လို့ ပြောပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဟာ ပျူစောထီးအဖွဲ့တွေ အခြေချထားတဲ့ ကင်ပွန်းတော် ကျေးရွာဘက် ဆက်လက်ထွက်ခွာလာရာ လမ်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး မီးရှို့တာတွေကြောင့် မယ်သဲကြိုးကွင်း၊ ခင်မွန်၊ ပေါက်၊ ရှမ်းထူး၊ ညောင်ပင်တဲနဲ့ အောင်ချမ်းသာကျေးရွာတွေက ဒေသခံပြည်သူ ၂,၅၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ အခု အောက်တိုဘာလဆန်းပိုင်းကစပြီး မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုး ပစ်ခတ်တာတွေနဲ့ နေအိမ်မီးရှို့တာတွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ခဲ့လို့ မုံရွာမြို့နယ် မုံရွေး-ကြေးမုံ ကျေးရွာရှိ နေအိမ် ၂၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရပြီး အောက်တိုဘာ ၇ ရက်ကလည်း ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာရှိ နေအိမ် ၁၆ လုံးလောက် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။