Home
ဆောင်းပါး
လိပ်ပြာ လုံကြရဲ့လား
DVB
·
October 12, 2022
Article C

“ဝမ်းနည်းပါကြောင်း”

လမ်းဖောက်တော့ သူမပါ

လမ်းပြင်တော့ သူမရောက်

ဖြောင့်ဖြူးစွာ လမ်းပြေချောတော့

ကျော့ကျော့လေးလျှောက်။

ကန်တူးရာ သူမပါ

ကန်ပြင်ရာ သူမရောက်

မြကန်သာရေကြည်သန့်မှ

ခန့်ခန့်လေးသောက်။

ပန်းစိုက်ရာ သူမပါ

ပေါင်းသင်ရာ သူမရှိ

ပန်းပေါင်းစုံ သင်းကြူးမွှေးတော့

ရွေးပန်ချင်၏။

ရပ်ရွာရေး ဆွေးနွေးရာ

ဖယ်ရှောင်ခွာ သူမရော

သူထင်ရာ မြင်အတွေးနဲ့

ဘေးထိုင်ဘုပြော။

လူ့ဘဝ ခဏတာ

မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့

လူပီစွာ ကိုယ့်အမျိုးအတွက်

ကြိုးလိုက်စမ်းပါ။

သိလျက်နဲ့ သွေရှောင်ခွာ

ဝေဖန်ကာ အမြင်စောင်း

မူမမှန် တယူသန်အတွေးတွေနဲ့

ကလေးလို အရေးဆိုကြမ်းတာတော့

ဝမ်းနည်းပါကြောင်း။

မင်းသုဝဏ်

စစ်မိစ္ဆာတွေကို လူလိုဆက်ဆံ၊ တိုင်းပြည်ကို ညင်သာတဲ့နည်းနဲ့ ပြောင်းလဲစေဖို့ ကြိုးပမ်းခဲ့တဲ့ အစိုးရ။ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို တင်းပြည့်ကျပ်ပြည့် မပေးနိုင်ခဲ့ပေမဲ့ သူ့ရှိသမျှ ပြည်သူကို အကောင်းဆုံး ဝန်ဆောင်မှုပေးခဲ့တဲ့ အစိုးရ။ မမျှတတဲ့ပြိုင်ပွဲမှာ ယှဥ်ပြိုင်ခဲ့ရတာတောင် ပြည်သူ့နှလုံးသားကို ဒုတိယအကြိမ် သိမ်းကျုံးယူနိုင်ခဲ့တဲ့ အစိုးရ။ ဒီ ဒုတိယအကြိမ် အစိုးရသက်တမ်းမှာတော့ လူလိုနားမလည်သူတွေကို ဖယ်ထုတ်၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ညီညွတ်ရေးတည်ဆောက်ပြီး တိုင်းပြည်ရဲ့ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီခရီးကို အရှိန်အဟုန်နဲ့ ချီတက်တော့မယ့်အစိုးရ။ အဲ့ဒီလို ပြည်သူ့အစိုးရ။ ကံဆိုးစွာနဲ့ပဲ အဲဒီပြည်သူ့အစိုးရကို တိရစ္ဆာန်ထက်နိမ့်ကျတဲ့ စစ်မိစ္ဆာတွေရဲ့ လက်နက်အားကိုးနဲ့ ဖြုတ်ချလိုက်တယ်။ အကျိုးဆက်အနေနဲ့ တတိုင်းပြည်လုံး မြို့လုံးအနှံ့၊ လမ်းလုံးအပြည့် ဆန္ဒထွက်ပြကြတယ်။ ဒါပေမဲ့ အဲဒီလိုအချိန်မှာ မသိချင်ယောင်ဆောင်နေကြတဲ့ လူတချို့ ရှိနေကြတယ်။ နိုင်ငံရေး ငါတို့စိတ်မဝင်စား၊ ငါတို့က ကြားနေဆိုကာ ရှောင်ထွက်နေကြတဲ့ လူတချို့ ရှိကြတယ်။

ကိုယ့်အခွင့်အရေး၊ သူ့အခွင့်အရေး၊ တတိုင်းပြည်လုံးရဲ့ အခွင့်အရေးကို လုယက်သွားတဲ့ စစ်မိစ္ဆာတပ်ကို ဆန့်ကျင်ဆန္ဒပြကြတယ်။ ကိုယ့်အနာဂတ်၊ သူ့အနာဂတ်၊ တတိုင်းပြည်လုံး အနာဂတ်ကို ပြန်ရဖို့ လမ်းမပေါ်ထွက် ကြွေးကြော်တောင်းဆိုကြတယ်။ အားလုံးမှာ နှောင်ကြိုးကိုယ်စီ ချည်ထားလျက်။ အဲဒီနှောင်ကြိုးတွေ ရှိတဲ့ကြားကနေ မတရားမှုကို ဆန့်ကျင်ပြကြတယ်။ ရော်ဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေ၊ ကျည်အစစ်တွေကြားကနေ အဓမ္မကို ဆန့်ကျင်ပြကြတယ်။ စစ်မိစ္ဆာတပ်ရဲ့ ကျည်ဆန်တွေကြားမှာပဲ အသက်ပျောက်သွားမလား၊ အချုပ်ကားပေါ်ပဲ လိုက်သွားရမလား ဆိုတဲ့ အရိပ်မည်းတွေကြားကနေ ဓမ္မဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်ကြတယ်။ ဆယ်ကျော်သက်လူငယ်ကနေ အသက်ကြီးကြီး generationX တွေအထိ ပါဝင်နေကြတယ်။ အဲဒီလိုအချိန်မှာ ကလေးတွေကတော့ မိုက်တာ၊ အလကားနေရင်း အပစ်ခံရအောင် လုပ်နေကြတယ်လို့ ပြောကြတဲ့လူတချို့ ရှိတယ်။ စစ်မိစ္ဆာတွေ အကြမ်းပတမ်းဖြိုခွင်းလို့ ဟိုအိမ်၊ ဒီအိမ် ခေတ္တပုန်းခိုချင်တဲ့ လူငယ်တွေကို အော်ထုတ်ခဲ့၊ လက်မခံခဲ့တဲ့လူတွေ ရှိကြတယ်။ အရှုပ်လုပ်တွေလုပ်၊ အလုပ်တွေရှုပ်တယ်ဆိုကာ နှင်ထုတ်ခဲ့တဲ့လူတွေ ရှိကြတယ်။

​ပြည်သူ့အစိုးရကို အဲဒီလို လက်နက်အားကိုးနဲ့ဖြုတ်ချပြီး စစ်မိစ္ဆာတပ်ဟာ သူ့ရဲ့ စစ်ကျွန်ယန္တရားကို အစားထိုးလာတယ်။ ပြည်သူ့ဝန်ကိုထမ်းရမယ့် ဝန်ထမ်းတွေကို စစ်မိစ္ဆာတွေရဲ့ဝန်ကို ထမ်းခိုင်းမယ့် စစ်ကျွန်ဝန်ထမ်းအဖြစ် ဇာတ်ခင်းခဲ့တယ်။ မတရားမှုကို မလိုချင်တဲ့ ဝန်ထမ်းတွေဟာ ဒါကို ဆန့်ကျင်တယ်။ အသိပညာ၊ အတတ်ပညာ ပြည့်ဝပြီး ပြည်သူ့ဝန်ကိုပဲထမ်းတဲ့ ပြည်သူ့ဝန်ထမ်းတွေဟာ စစ်အာဏာရှင်လက်အောက်မှာ ဆက်မလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ပြည်သူကိုဖိနှိပ်မယ့် စစ်ကျွန်ယန္တရားမှာ မပါဝင်လိုတဲ့အတွက် အလုပ်ထွက်ခဲ့ကြတယ်။ အဲဒီလို ပညာပြည့်ဝ၊ နှလုံးလှတဲ့ ဝန်ထမ်းတွေ CDM လုပ်နေချိန်မှာပဲ “ဘယ်အစိုးရတက်တက် ဝန်ထမ်းက ဝန်ထမ်းပဲ” ဆိုခဲ့ကြသူတွေ ရှိတယ်။ ဝန်ထမ်းဆိုတာ နိုင်ငံရေးမလုပ်ရဘူး ဆိုသူတွေ ရှိကြတယ်။ ဘယ်အစိုးရတက်တက် ဝန်ထမ်းက ဝန်ထမ်းဆိုပြီး ဆင်ခြေပေးခဲ့ကြသူတွေ ရှိတယ်။

အဲဒီလို ဆင်ခြေတွေပေးရင်း စစ်မိစ္ဆာအလိုကျ ပြည်သူကို ပြန်ပြီးဖိနှိပ်ကြတယ်။

ကိုယ့်လွတ်လပ်မှု၊ သူ့လွတ်လပ်မှု၊ တတိုင်းပြည်လုံး လွတ်လပ်မှုအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုကြတော့ စစ်မိစ္ဆာတပ်က လွတ်လပ်မှုအစား ကျည်ဆန်တွေကိုပဲ ပေးတယ်။ အခွင့်အရေးတွေအစား အချုပ်ထောင်တွေကိုပဲ ပေးခဲ့တယ်။ အဲဒီလို၊ လက်နက်ကိုင် လမ်းကြောင်း‌ပေါ်ကို စစ်မိစ္ဆာတပ်က အတင်းအဓမ္မ တွန်းပို့ပေးလိုက်တဲ့အဆုံး လူငယ်တွေ တောခိုသွားကြတယ်။ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုကို ရဖို့အတွက် စစ်မိစ္ဆာတို့ နားလည်တဲ့ လက်နက်ကိုင်နည်းနဲ့ တိုက်ယူဖို့ ကြိုးစားလာကြတယ်။ အကျိုးဆက်ကတော့ သူတို့ရဲ့ ယခင်နေခဲ့ဖူးတဲ့ ဘဝနေထိုင်မှုနဲ့ ဆန့်ကျင်ဘက် ခရီးကြမ်းကို ကြုံကြရတယ်။ ဒုက္ခခံကြရတယ်။ အဲဒီလို ကိုယ့်အတွက်၊ သူ့အတွက်၊ တတိုင်းပြည်လုံးအတွက် လွတ်လပ်ဖို့ လူငယ်တွေ သေနတ်ကိုင်ကြတော့ “ပြည်တွင်းစစ်ကြီးက ပိုပြီး သက်တမ်းရှည်ဦးမှာ” လို့ ပြောခဲ့တာ ဘယ်သူတွေလဲ။ ၈၈ ကလို ဒီလိုပဲ ပြီးသွားမှာပါလို့ ပြောခဲ့ကြသူ‌တွေ ရှိတယ်။ အကြမ်းဖက်နည်းနဲ့ ဖြေရှင်းကြပြန်ပြီဆိုကာ အပြစ်ဖို့ရုံကလွဲ ကျန်တာဘာမှ မလုပ်တဲ့လူတွေ ရှိခဲ့ကြတယ်။

မတရားမှုကို တော်လှန်ရင်း လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ရင်း တချို့က သေဒဏ်ပေးခံရတယ်။ တချို့က ထောင်ထဲမှာ နှိပ်စက်ညှဥ်းဆဲခံရ။ တချို့က နေအိမ်တွေ ချိပ်ပိတ်ခံရ၊ မီးလောင်တိုက်သွင်းခံရတယ်။ တချို့က ခေါင်းတည့်တည့်ပစ်ခံရ၊ အရှင်လတ်လတ် မီးရှို့ခံရ။ ကားနဲ့ တိုက်ဖမ်းခံရ၊ တိုက်ပေါ်က​နေ ခုန်ချခဲ့ကြရ။ လေယာဥ်နဲ့ဗုံးကြဲခံရ၊ ပစ်ခတ်ခံရ။ လက်နက်ကြီးနဲ့ ထုခံရ။ အဲဒီလို မတရားမှုကို တော်လှန်အာခံရင်း ဘဝတွေ အသက်တွေ စွန့်လွှတ်နေကြချိန်မှာ social media ပေါ် RIP တကြောင်းလောက် ရေးရုံနဲ့ တာဝန်ကျေပြီ ထင်နေသူတွေ ရှိကြတယ်။ ကိုယ်တတ်နိုင်တဲ့ အခြေအနေဖြစ်ပါလျက် သွေးပူတုန်း တရက်တလေ ကလစ်ပြီး နောက်ရက်တွေမှာ ပျက်ကွက်ကြတဲ့သူ‌တွေ ရှိကြတယ်။ တောထဲမှာ ဖြစ်သလိုစားနေရချိန် အကင်ဗန်းတွေကို ဓာတ်ပုံရိုက် လိုင်းပေါ်တင်တာ ရှိကြတယ်။ စစ်မိစ္ဆာတပ် စစ်ကြောင်းထိုးလို့ အဝတ်တထည် ကိုယ်တခုနဲ့ အပြေးအလွှား စစ်ရှောင်ထွက်ပြေးနေရချိန် ကိုယ်နဲ့ဘာမှမဆိုင်သလိုနေကာ အပန်းဖြေခရီးထွက်၊ အသုံးအဖြုန်းမပျက် တင်နေ၊ ဂုဏ်ယူနေကြသူတွေ ရှိတယ်။ တနေ့တခြား စားဝတ်နေရေး ကျပ်တည်းမှု၊ မလုံခြုံမှုတွေ ကိုယ်တိုင်ခံစားနေရတာတောင် တရားခံအစစ်အမှန်ကို မသိချင်ယောင်ဆောင်နေသူတွေ ရှိတယ်။ အဲဒီလူတွေ... အဲဒီလူတွေ။

 အဲဒီလူတွေကို မေးစမ်းချင်လှပါတယ်။

“တတိုင်းပြည်လုံး ဆင်းရဲဒုက္ခရောက်နေချိန်မှာ ကိုယ်နဲ့မဆိုင်သလို နေကာ အစားအသောက် အပျော်အပါး မပျက်တဲ့ ခင်ဗျားတို့တတွေ လိပ်ပြာလုံကြရဲ့လား ‌ခင်ဗျာ။”

တင်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024